စက်တင်ဘာ ၁၁ ဆယ်နှစ်ပြည့် အခမ်းအနားကျင်းပ

  • 11 စက်တင်ဘာ 2011

အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ၁၀ နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို နယူးယောက်မြို့ ကမ္ဘာ့ ကုန်သွယ်ရေး အဆောင်အဦး နေရာဟောင်းမှာ ကျင်းပရာ သမ္မတ အိုဘားမားက ဦးဆောင်ပြီး သေဆုံးသွားခဲ့သူတွေ အတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption သမ္မတဟောင်း ဂျော့ဘွတ်ရှ်လည်း လက်ရှိ သမ္မတအိုဘားမားနဲ့ အတူ တက်ရောက်ခဲ့

သမ္မတအိုဘားမားက - ဘုရားသခင်ဟာ ကျွန်တော်တို့ မှီခိုအားထားရာ၊ ကျွန်တော်တို့ကို ခွန်အားတွေ ပေးအပ်သူဖြစ်ပါတယ်၊ အခုအချိန် မှာ ကမ္ဘာမြေကြီး ပျောက်ကွယ် သွားပြီး တောင်တွေပင်လယ်ထဲကို မျောသွားရင်တောင် ကျွန်တော်တို့မကြောက်ပါဘူး ဆိုပြီး A very present help in trouble ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့ဆုတောင်း လွှာကို ရွတ်ဆိုသွားခဲ့ပါတယ်။

စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မနက် ၈ နာရီ ၄၆ မိနစ်နဲ့ ၉ နာရီ ၃ မိနစ် အချိန်တွေမှာ အခမ်းအနားကို ရပ်ပြီး ဂါရဝ ပြုခဲ့ကြတာပါ။ ဒီအခမ်း အနားကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ဖြစ်ပွားတုန်းက သမ္မတ ဖြစ်ခဲ့တဲ့ ဂျော့ဒလျူဘွတ်ရှ်လည်း လက်ရှိသမ္မတ အိုဘားမားနဲ့ အတူတက်ရောက်ခဲ့ပါတယ်။

အဲဒီတုန်းက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀၀၀ နီးပါးသေဆုံးခဲ့ရပြီး၊ အဲဒီ အချိန်က သမ္မတ ဂျော့ဘွတ်ရှ်ဟာလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲကို စတင် ဆင်နွှဲခဲ့ပါတော့တယ်။

မစ္စတာ အိုဘားမားက အကြမ်းဖက်တိုက်ခိုက်မှု စစ်ပွဲ ၁၀ နှစ် ကြာခဲ့ပြီး နောက်မှာတော့ ကိုယ့်တိုင်းပြည်မှာ နိုင်ငံတော် ပြန်လည် တည်ဆောက်ရေး လုပ်ရမယ့်အချိန် ရောက်ပြီလို့ လည်း ပြောပါတယ်။ ဒါပေမယ့်လည်း တချိန်တည်းမှာပဲ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့အတွက်လည်း ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်နေတယ်လို့ သမ္မတက ပြောပါတယ်။

အခုလို ၁၀ နှစ်ပြည့် အချိန်မှာ အဲလ်ခိုင်းဒါးတွေရဲ့ တိုက်ခိုက်မယ့် အန္တရာယ် ဖြစ်နိုင်ခြေ ရှိတာမို့ အမေရိကန်ပြည်ထောင်စု က မြို့ကြီးတွေမှာ လုံခြုံရေးကို တိုးမြှင့်ချထားပြီး၊ လူတွေကို သတိနဲ့နေကြဖို့ နှိုးဆော်ထားပါတယ်။

စက်တင်ဘာ ၁၁ ကြောင့် အမေရိကန်စစ်တပ် အပြောင်းအလဲ

Image caption အမေရိကန်စစ်သားတွေကတော့ လက်လုပ်ဗုံး တွေကြောင့် အကျအဆုံးများခဲ့ရပါတယ်

အမေရိကန်စစ်တပ်ဟာစက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုမဖြစ်ခင်တုန်းကတော့ အဆင့်မြင့် နည်းပညာကို အခြေခံတဲ့ ရန်သူတွေ ကြောက်ရွံ့ တုန်လှုပ်သွားလောက်အောင် အင်အားကောင်း တဲ့ လက်နက်တွေကိုသုံးပြီး Shock and Awe ဆိုတဲ့ မဟာဗျူဟာကို အတော် အားကိုးခဲ့ပါ တယ်။

အဲဒီမဟာဗျူဟာကို အာဖဂန်စစ်ပွဲမှာ လက်တွေ့ စသုံးခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း အမေရိကန်တို့အခေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲ မှာတော့၊ သာမန် လက်လုပ်ဗုံးလို အဆင့်နိမ့်တဲ့ လက်နက်တွေကြောင့် အမေရိကန်စစ်သားတွေ အကျအဆုံးများခဲ့ရပါတယ်။

သူပုန်တွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ ခွဲခြားဖို့ ခက်သလိုလူတွေရဲ့စိတ်နှလုံးကို အောင်နိုင်ဖို့ရာကလည်း အခက်အခဲဖြစ်ခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်ဟာ သူ့ရဲ့ စစ်ရေးနည်းဗျူဟာမှာ သူပုန်တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အတော်ပြန်သုံးသပ်ခဲ့ရပါတယ်။ ဒီကြားထဲမှာ အမေရိကန်စစ်သည်တွေရဲ့ နှိပ်စက်ညှင်းပန်း မှု ပြဿနာတွေလည်း ရှိလာခဲ့ပါတယ်။

ပြီးတော့ စစ်တပ်အတွက် ရံပုံငွေကလည်း အရင်ကထက် ပိုပြီးနည်းလာနေပါတယ်။ အကြမ်း ဖက်မှု ပြဿနာကတော့ ခုချိန်အထိ တိုက်ဖျက်လို့ မကုန်နိုင်သေးပါဘူး။

ဒီတော့ အမေရိကန်တို့အဖို့ အသွင်ပြောင်းလာတဲ့ ပဋိပက္ခတွေကို ကိုင်တွယ်နိုင်ဖို့ မဟာဗျူဟာ ကိုလည်း အစကနေ ပြန်ပြောင်းရတော့မှာလားဆိုပြီး ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် နစ်ချိုင်းလ်က သုံးသပ်ထားပါတယ်။