ဗြိတိသျှဘဏ်စနစ် ပြုပြင်ပြောင်းလဲမည်

  • 12 စက်တင်ဘာ 2011
Barclays ဓာတ်ပုံ မူပိုင် BBC World Service
Image caption ၂၀၀၈ တုန်းက ဘဏ်တွေကို အစိုးရက ကူညီခဲ့ရ

ဗြိတိန်နိုင်ငံတွင်းက ဘဏ်စနစ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်သွားမယ်လို့ ဗြိတိသျှ အစိုးရက ပြောပါတယ်။

ဒီလိုအပြောင်းအလဲတွေ လုပ်ဖို့ ဘဏ်လုပ်ငန်း အကြောင်း အစီရင်ခံစာ တစ်စောင်ကနေ အစိုးရကို အကြုံပြုထားတာ ဖြစ်ပါတယ်။

အခုလို အပြောင်းအလဲလုပ်မယ့်ကိစ္စက ၂၀၀၈ တုန်းကလို ဘဏ္ဍာရေးအကြပ်အတည်း ထပ်ဖြစ် မလာအောင် ကာကွယ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၈ တုန်းက ဘဏ်တွေရဲ့ ရှယ်ယာတွေကို စျေးကွက်ထဲမှာ ဆက်လက် ရောင်းဝယ် နိုင်ဖို့အတွက် အစိုးရကနေ ငွေအမြောက်အများ စိုက်ထုတ် ကူညီခဲ့ရပါတယ်။

အစီရင်ခံစာရဲ့ အကြံပြုချက်ထဲမှာ ဗြိတိန်က ဘဏ္ဍာရေး အဖွဲ့အစည်း တွေအနေနဲ့ သူတို့ရဲ့ စွန့်စားလုပ်ရတဲ့ ရင်းနှီး မြှပ်နှံမှု လုပ်ငန်းတွေကို သူတို့ ဝန်ဆောင်မှုပေးတဲ့ ဘဏ်လုပ်ငန်း တွေနဲ့ သီးခြားစီ ခွဲထားဖို့လည်း ပါဝင်ပါတယ်။

ဒီပြုပြင် ပြောင်းလဲမှုဟာ ဗြိတိသျှဘဏ်လုပ်ငန်းသမိုင်းမှာ အခြေခံ အကျဆုံးနဲ့ အကြီးမား ဆုံး ပြောင်းလဲမှု ဖြစ်တယ်လို့ ဘီဘီစီ စီးပွားရေး အယ်ဒီတာက ပြောပါတယ်။

ဥရောပ စတော့စျေးတွေကျ

တချိန်တည်းမှာပဲ ပြင်သစ်က အဓိက ဘဏ်ကြီးတွေရဲ့ ရှယ်ယာတွေဟာ ၁၀ ရာခိုင်နှုန်းထိ ထိုးကျခဲ့ပါတယ်။

ပြင်သစ်က ဘဏ်တွေဟာ ဂရိ အစိုးရရဲ့ အကြွေးငွေတွေနဲ့ ဆက်စပ်မှု ရှိနေတဲ့အတွက် နိုင်ငံတကာ အေဂျင်စီတွေက ပြင်သစ်က အကြွေးစနစ် အဆင့်အတန်း သတ်မှတ်မှုမှာ အဆင့်လျော့မယ် ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ အတွက် အခုလို စျေးကျခဲ့တာ ဖြစ်ပါတယ်။

ဂရိနိုင်ငံက သူ့ရဲ့အကြွေးတွေကို ပြန်ဆပ်နိုင် ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ယူရိုဇုန် အတွင်းက အကြွေး ပြဿနာဟာ ဆက်လက် ပျံ့ပွားသွား နိုင်မလား ဆိုတဲ့ စိုးရိမ်မှု တွေကြောင့် ဥရောပ အတွင်းက စတော့ စျေးကွက်တွေမှာ တနင်္လာနေ့ စျေးပြန်ဖွင့်ချိန်မှာ စျေးတွေ ထိုးကျခဲ့ပါတယ်။ အညွှန်းကိန်း အများစုဟာ ၅ ရာခိုင်နှုန်း အထိ ကျခဲ့ပါတယ်။