လစ်ဗျားမှာကြားဖြတ်အစိုးရဖွဲ့မယ်

  • 12 စက်တင်ဘာ 2011
mahmud_jibril ဓာတ်ပုံ မူပိုင် AFP
Image caption မာမုဒ် ဂျီဘရီလ်

လစ်ဗျား ကြားဖြတ် အစိုးရ ဝန်ကြီးချုပ် မာမုဒ် ဂျီဘရီလ် က လာမဲ့ ရက်ပေါင်း ၁၀ ရက် လောက် အတွင်းမှာ ကြားဖြတ် အသွင် ပြောင်း အစိုးရ သစ် တရပ် ဖွဲ့စည်း သွားဖို့ စီစဉ် နေတယ်လို့ ပြောပါတယ်။

ထရစ်ပိုလီ မြို့မှာ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက အခုလို ပြောကြားသွား တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပြောကြားရာ မှာ တော့ ဒီ အစိုးရထဲမှာ ကဒါဖီ ရဲ့ သစ္စာခံ တွေ ထိန်းချုပ်ထား ဆဲ ဖြစ်တဲ့ ဒေသတွေ အပါအဝင် လစ်ဗျား ရဲ့ဒေသ ပေါင်းစုံက ကိုယ်စားလှယ် တွေ ပါ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ ဂျီဘရီလ်က အခု ဆွေးနွေး မှုတွေ လုပ်နေကြောင်း၊ ဒေသ အားလုံး၊ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်မှာ ရှိကြတဲ့ မြို့ပြတွေ အားလုံး နဲ့ အသွင်ပြောင်း အစိုးရတို့ အပါအဝင် လက်ရှိ ခုခံ တိုက်ခိုက် နေကြတဲ့ မြို့ပြတွေ လဲ အစိုးရသစ် ထဲမှာ တစိတ် တပိုင်း ပါဝင် လာမှာ ဖြစ်ကြောင်း တွေ ကို ပြောသွား ပါတယ်။

မစ္စတာ ဂျီဘရီလ် က လစ်ဗျား နိုင်ငံမှာ အခုရေနံ တွေကိုလဲ ပြန်လည် တူးဖော် ထုတ်လုပ် နေပြီ ဖြစ်တယ် လို့ ပြောပေမယ့် ဒီထက် ပိုပြီး ဘယ်နေရာမှာ ဘယ်လောက် ပြန်ထုတ် နိုင်ပြီ ဆိုတာမျိုး အသေး စိတ်ကို တော့ ပြောကြားခြင်း မရှိခဲ့ ပါဘူး။ လစ်ဗျား နိုင်ငံဟာ အာဖရိက တိုက်မှာ အကြီးဆုံး ရေနံစိမ်း ထုတ်လုပ် နိုင်တဲ့ နိုင်ငံ ဖြစ်ပြီး ဗိုလ်မှူးကြီး ကဒါဖီကို ပုန်ကန် မှုတွေ မစခင် ကအထိ သူ့ရဲ့ ထုတ်လုပ်သမျှ တွေထဲက ၈၅ ရာခိုင်နှုန်း ကို ဥရောပ တိုက်ကို တင်ပို့ နေတာ ဖြစ်ပါတယ်။