လစ်ဗျားမှာ ရှရီယာ ဥပဒေနဲ့ အုပ်ချုပ်မယ်လို့ ပြောပြီ

  • 13 စက်တင်ဘာ 2011
Image caption Mustafa Abdel Jalil

လစ်ဗျား နိုင်ငံ ထရစ်ပိုလီမြို့မှာ အမျိုးသား အသွင်ကူးပြောင်း ကောင်စီ ဥက္ကဌ Mustafa Abdul-Jalil က ပထမဆုံး တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ပြီး သူ့အစီအစဉ် တွေကို ချပြခဲ့ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ က သူ့ထောက်ခံသူတွေကို မိန့်ခွန်းပြောလေ့ရှိတဲ့ ရင်ပြင်မှာဘဲ မစ္စတာ Jalil ဂျလီလ် က စကားပြောခဲ့ပြီး ထောင်သောင်းချီတဲ့ လစ်ဗျား ပြည်သူတွေ တက်ရောက် နားထောင်ခဲ့ကြပါတယ်။

တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး ၊ သာယာဝပြောရေးနဲ့ အစ္စလာမ် ဘာသာ ဆိုင်ရာ ရှရီယာ ဥပဒေ တွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်လို့ မစ္စတာ ဂျလေးက ဆိုပါတယ်။

ဒါ့အပြင် အလယ်အလတ် ကျတဲ့ အစ္စလာမ် ဥပဒေတွေနဲ့ လိုက်လျောညီထွေတဲ့ ဒီမိုကရေစီ စနစ်ကို အကောင်အထည် ဖော်သွားမှာ ဖြစ်ပြီး အစွန်းရောက် အယူဝါဒ မှန်သမျှကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လစ်ဗျား နိုင်ငံတော်သစ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုလည်း ဖော်ထုတ် သွားမယ်လို့ အလေးအနက်ထား ဆိုသွားခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ဗိုလ်မှူးကြီး ကဒါဖီက သူ့ထောက်ခံသူတွေကို ဆက်လက် တိုက်ပွဲဝင် သွားဖို့ ထပ်မံ ပန်ကြားခဲ့ကြောင်း သိရပါတယ်။

လစ်ဗျားမှာ မြို့ တော်တော်များများကို ကဒါဖီ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက သိမ်းထားပြီး ဖြစ်ပေမယ့် Sirte ဆာ့ထ်မြို့နဲ့ Bani Walid ဘန်နီ ဝါလစ်မြို့တွေကတော့ ကဒါဖီ ထောက်ခံတဲ့ တပ်ဖွဲ့တွေ ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး အမှတ်တံဆိပ်

လစ်ဗျားနိုင်ငံမှာ ကဒါဖီ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန်းက ရပ်ဖို့ အသွင်ကူးပြောင်းရေး ကောင်စီကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့ကြီးက ပန်ကြားထားပါတယ်။

ဒါပေမယ့် ကဒါဖီ ဘက်တော်သားတွေလို့ သံသယ ရှိသူတွေကို လက်တုန့်ပြန် သတ်ဖြတ်မှုတွေ ၊ နှိပ်စက်မှုတွေ အပါအဝင် ကဒါဖီ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေရဲ့ ဆိုးဆိုးရွားရွား အာဏာအလွဲသုံးစား လုပ်ထားတာတွေကိုလည်း သက်သေ အထောက်အထား ရထားပြီး တချို့ ဖြစ်ရပ်တွေ ဆိုရင် စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောပါတယ်။

လစ်ဗျားက တိုက်ပွဲဖြစ်ပွားမှုတွေ အတွင်း ဗိုလ်မှူးကြီး ကဒါဖီတပ်တွေက နိုင်ငံတကာ ဥပဒေတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန် ချိုးဖောက်ခဲ့တယ်လို့ Amnesty အဖွဲ့က ပြောပါတယ်။

လစ်ဗျားမှာ ဗိုလ်မှူးကြီး ကဒါဖီ ထွက်ပြေး တိမ်းရှောင် သွားပြီးတဲ့နောက် အမျိုးသား အသွင် ကူးပြောင်းရေး ကောင်စီ NTC ကို အစိုးရ အနေနဲ့ တရုတ်နိုင်ငံက အသိအမှတ် ပြုလိုက်ပါပြီ။

လစ်ဗျား ပြည်သူတွေရဲ့ ရွေးချယ်မှုကို တရုတ်နိုင်ငံ အနေနဲ့ လေးစားပါတယ် ၊ အရင် အစိုးရ လက်ထက်က သဘောတူညီ ထားပြီးသား စာချုပ်တွေကို ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လစ်ဗျားမှာ တရုတ်နိုင်ငံက အကြီးအကျယ် မြုပ်နှံခဲ့တာ ဖြစ်ပြီး အသွင်ကူးပြောင်းရေး ကောင်စီကို နောက်ဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

အရင်တုန်းကတော့ နေတိုးတပ်ဖွဲ့တွေ လစ်ဗျားကို လေကြောင်းက စစ်ဆင်တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဝေဖန်ခဲ့ပါတယ်။