ကာဘူးလ်မြို့ သံတမန် ရပ်ကွက် တိုက်ခိုက်ခံခဲ့ရ

  • 13 စက်တင်ဘာ 2011
Image caption ကာဘူးလ်မြို့မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ညရောက်တဲ့အထိ ဖြစ်နေဆဲ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကာဘူးလ်မြို့မှာ အသေခံ တိုက်ခိုက်မှု အတော်များများ ဖြစ်ပွားခဲ့ပြီး ဒီတိုက်ခိုက် မှုတွေကို တာလီဘန်တွေက လုပ်ခဲ့တာလို့ ဆိုပါတယ်။

ကာဘူးလ်မြို့ရဲ့ သံတမန် ရပ်ကွက်ကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အသေခံ ဗုံးခွဲသမား အတော်များများ ပါဝင်ပြီး နက်နဲ ရှုပ်ထွေးတဲ့ စစ်ဆင်တိုက်ခိုက်မှုတခု ဖြစ်ပုံရ တယ်လို့ ကာဘူးလ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်း ထောက် Quentin Sommerville က ပြောပါတယ်။

အမေရိကန်သံရုံးကနေ မီတာ ၃၀၀ လောက်အကွာမှာ ရှိတဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံ အမြင့်ကြီးတခုကနေ လက်နက်ကိုင် ၅ယောက်လောက်က အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမေရိကန် သံရုံးပေါ်ကနေ ရော့ကက် လောင်ချာ ဒုံးကျည်တခု ဖြတ်သွားတာ မြင်လိုက် ရတယ်လို့ သူက ပြန်ပြောပြပါတယ်။

အခုတော့ အမေရိကန် marine ကမ်းတက်သမားတွေက သူတို့ရဲ့ ကာကွယ်ရေး စနစ် တောင့်တင်း ခိုင်မာမှု ရှိမရှိ သံရုံး ခေါင်မိုးပေါ်ကနေ အခြေအနေကို သုံးသပ် စစ်ဆေးနေတာ၊ စစ်လေယာဉ်တွေ ပျံဝဲနေတာ တွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

နေတိုးအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး Fogh Rasmussen က ဒီတိုက်ခိုက်မှုကို ရှုတ်ချ ပြောဆိုလိုက်ပြီး နိုင်ငံ့လုံခြုံရေးကို နေတိုးတပ်ဖွဲ့တွေလက်ကနေ အာဖဂန် တပ်ဖွဲ့တွေ လွှဲပြောင်း ယူနေတာအပေါ် တာလီဘန်တို့ စမ်းသပ်တဲ့အနေနဲ့ တိုက်ခိုက်လိုက်တာလို့ ပြောပါတယ်။

အာဖဂန် အာဏာပိုင်တွေအနေနဲ့ ခုလက်ရှိ ဖြစ်နေတဲ့ အခြေအနေကို ကိုင်တွယ် ဖြေရှင်း နိုင်စွမ်း ရှိတယ်လို့လည်း ပြောသွားပါတယ်။

သံတမန် ရပ်ကွက်မှာ ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးမှု ဘယ်လောက် ရှိခဲ့သလဲဆိုတာ လောလောဆယ် အတိအကျ မသိရသေးပါဘူး။

အဲဒီနေရာတဝိုက်ကို အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေက ရဲတွေနဲ့အတူ ပိတ်ဆို့ထားလိုက်ပြီး လူတွေကို အိမ်ပြူတင်းပေါက်တွေနားမှာ မနေကြဖို့ ညွှန်ကြားထားပါတယ်။

အဲဒီနေရာဟာအမေရိကန်နဲ့ နိုင်ငံခြား မစ်ရှင် အဖွဲ့တွေ ရုံးစိုက်ရာ နေရာ ဖြစ်သလို အစိုးရ ဝန်ကြီးရုံးတွေနဲ့ သမ္မတ အိမ်တော် ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေ တာလီဘန်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ၂၀၀၁ ခုနှစ် ကတည်းကဆိုရင် ဒီနှစ်ဟာ အာဖဂန်နစ္စတန် နိုင်ငံမှာ သွေးထွက် သံယို အဖြစ်ဆုံးနှစ်လို့ ပြောရမှာပါ။

အာဖဂန် တပ်ဖွဲ့တွေကို အာဏာ လွှဲပေးရေး လုပ်ငန်းစဉ်ကို နေတိုးအဖွဲ့က စတင် ဆောင်ရွက် ခဲ့တဲ့ July လကစလို့ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးပွားလာတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် မတိုင်ခင် နောက်ဆုံးထားပြီး နိုင်ငံ့ လုံခြုံရေး ကို အာဖဂန် တပ်ဖွဲ့တွေ လက်ထဲ လွှဲပေးပြီး နိုင်ငံတကာ တပ်ဖွဲ့အများစု အာဖဂန်နစ္စတန် နိုင်ငံထဲကနေ ထွက်ပေးဖို့ စီစဉ်ထား တာ ဖြစ်ပါတယ်