အမေရိကန်မှာ ဆင်းရဲမွဲတေမှု ပိုများလာ

  • 13 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်လာ ဘီလီယံ ၄၅ဝ သုံးပြီး အလုပ်လက်မဲ့ အိုဘားမား လျော့ချမယ်

အမေရိကန် ပြည်ထောင်စုမှာ တရားဝင် ထုတ်ပြန်တဲ့ စာရင်းဇယားတွေ အရ အခုအခါ အမေရိကန် ခြောက်ယောက်မှာ တယောက်နီးပါးက ဆင်းဆင်းရဲရဲ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

အိမ်ထောင်စုတွေရဲ့ ပျမ်းမျှဝင်ငွေဟာ ပြီးခဲ့တဲ့ နှစ်ကထက် နှစ်ရာခိုင်နှုန်းကျော် ကျသွားခဲ့ပြီး

အမေရိကန် ၄၆သန်း လောက်ဟာ ဆင်းရဲ မွဲတေ နေတယ်လို့ အမေရိကန် စာရင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အာဖရိက နွယ်ဖွား အမေရိကန် တွေနဲ့ စပိန် နွယ်ဖွား အမေရိကန် တွေကြား ဆင်းရဲမှုက အချိုးမညီစွာ ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒေါ်လာ ဘီလီယံ ၄၅ဝ ကုန်ကျမယ့် သမ္မတ အိုဘားမားရဲ့ အလုပ်လက်မဲ့ လျှော့ချရေး အစီအစဉ်ကို ထောက်ခံမှုရဖို့ သူရဲ့ နိုင်ငံတလွှား ခရီးမစတင်မီ အခုလို စာရင်းဇယား ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

မဲဆန္ဒရှင်တွေ အနေနဲ့ ကုဋေကြွယ် သူဌေး ပိုချမ်းသာ စေချင်သလား ၊ စာသင်ကျောင်း တွေမှာ ကျောင်းဆရာတွေ အပြည့် ရှိစေချင်တာလား ဆိုတာ ရွေးချယ်ရမယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဒေါ်လာဘီလီယံ ၄၅ဝ နီးပါး သုံးပြီး အလုပ်လက်မဲ့ လျှော့ချမယ့် သမ္မတ အိုဘားမားရဲ့ အစီအစဉ်ကို ကွန်ဂရက် လွှတ်တော်မှာ ထိပ်တန်း ရီပါ့ဘလစ်ကန် အမတ်တွေက ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ တကယ်တော့ အလုပ်လက်မဲ့ လျှော့ချအောင် လေးလေးနက်နက် လုပ်ဆောင် ပေးဖို့ထက် သမ္မတ ရွေးကောက်ပွဲမှာ ပြန်အရွေးခံရရေး အတွက် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်လို့ ရီပါ့ဘလစ်ကန် ခေါင်းဆောင် ဆီးနိတ် အမတ် Mitch McConnell က ထပ်တလဲလဲ ပြစ်တင် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အောက်လွှတ်တော် ဥက္ကဌ John Boehner ကလည်း အမေရိကန်တွေ အလုပ်အကိုင် ပိုမို ရရှိလာရေး အတွက် ဘုံ သဘောတူညီချက် ရှာဖို့ လွှတ်တော် အမတ်တွေကို တိုက်တွန်းထား ပါတယ်။