ကဒါဖီ တန်ပြန် တိုက်ခိုက်နိုင်တာကို သတိပေး

  • 15 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် bbc
Image caption လစ်ဗျား တောင်ပိုင်းမှာ ကဒါဖီ ပုန်းအောင်းနေ

လစ်ဗျား အမျိုးသား အသွင်ကူးပြောင်း ရေး ကောင်စီ အကြီးအကဲ မူစတာဖာ အဒ္ဗူလ ဂျလီးက ဗိုလ်မှုးကြီး ကဒါဖီဟာ လစ်ဗျား နိုင်ငံ တဝှမ်းက မြို့ရွာတွေ၊ အခြေခံ အဆောက် အအုံတွေကို တန်ပြန် တိုက်ခိုက် လာနိုင်တယ်လို့ ပြောလိုက်ပါ တယ်။

ကဒါဖီနဲ့ သူ့မိသားစုဝင် တချို့ဟာ လစ်ဗျား နိုင်ငံ တောင်ပိုင်းက ကျယ်ပြောတဲ့ သဲကန္တရထဲက တနေရာရာမှာ ပုန်းနေတယ်လို့ မစ္စတာ ဂျလီးက ပြောပါတယ်။

ဗိုလ်မှုးကြီး ကဒါဖီဟာ သူထွက်ပြေးတုန်းက ဗဟိုဘဏ်က ရွှေတွေ အားလုံးနဲ့ ငွေအမြောက် အမြားကို ယူသွားတာမို့ ကဒါဖီကို ထောက်ခံသူ အကြွင်းအကျန်တွေဆီက ချိမ်းခြောက်မှု ကြီးကြီးမားမား ရှိနေဆဲပဲလို့ မူစတာဖာ ဂျလီးက ပြောပါတယ်။

အိုင်စီအာစီ ကြက်ခြေနီ အဖွဲ့က လစ်ဗျား နိုင်ငံထဲမှာ အစုလိုက် မြှုပ်ထားတဲ့ အလောင်း တွေကို အပတ်စဉ် လိုလို ရှာတွေ့နေတယ်လို့ ပြောလိုက်ပြီး ဒီအလောင်းတွေကို ဖြစ်သလို သဂြိုလ်မပစ်ဖို့ လစ်ဗျား အာဏာပိုင်တွေကို တိုက်တွန်း လိုက်ပါတယ်။

ထရီပိုလီမြို့ တဝိုက်မှာတင် အစုလိုက် မြှုပ်ထားတဲ့ နေရာ တဒါဇင်လောက် တွေ့ရှိခဲ့ပြီး စုစုပေါင်း အလောင်း တရာ့နှစ်ဆယ်ကျော်ကို ဖော်ယူ ရရှိခဲ့ပြီး ဖြစ်ပါတယ်။