ဗြိတိန် ဝန်ကြီးချုပ်နဲ့ ပြင်သစ် သမ္မတကို လစ်ဗျားက သူရဲကောင်းသဖွယ်ကြို

  • 16 စက်တင်ဘာ 2011
Image caption ကင်မရွန်နဲ့ ဆာကိုဇီ လစ်ဗျားမှာ အတူတွေ့ရပုံ

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်နဲ့ ပြင်သစ် သမ္မတ နီကိုလပ်စ် ဆာကိုဇီ တို့ လစ်ဗျားနိုင်ငံ ရောက်လာတာကို သူရဲကောင်း သဖွယ် ကြိုဆိုခဲ့ကြပြီး လစ်ဗျားမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးဖို့ကို အပြီးတိုင် အကူအညီ ပေးသွားမယ်လို့ သူတို့က ပြောကြားလိုက်ပါတယ်။

လစ်ဗျားမှာ ဗိုလ်မှူးကြီး ကဒါဖီကို ရာထူးက အင်အားသုံး ဖယ်ရှားခံရပြီး နောက်ပိုင်း ဒီခေါင်းဆောင် နှစ်ယောက်ဟာ ပထမဆုံး နိုင်ငံခြား ဧည့်သည်တော်တွေ ဖြစ်ပါတယ်။

ထရစ်ပိုလီမြို့မှာ မိန့်ခွန်းပြောရာမှာ ကဒါဖီ တပ်ဖွဲ့တွေကို အနိုင်ရတဲ့ အထိ နေတိုးတပ်ဖွဲ့က ဆက်လက် စစ်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့ သူတို့က ဆိုသွားခဲ့ပါတယ်။

အဲဒီနောက် ဘန်ဂါဇီမြို့က အားပေး အော်ဟစ်သံ ညံနေတဲ့ လူအုပ်ကြီးကို ဒီခေါင်းဆောင် နှစ်ယောက်က စကားပြောခဲ့ပါတယ်။

မစ္စတာ ကင်မရွန်က လစ်ဗျား ပြည်သူတွေဟာ သူတို့ရဲ့ ခြင်္သေ့ သတ္တိ အစွမ်းကို ပြသခဲ့တဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကဒါဖီ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေဟာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ မွေးရပ်မြေ Sirte မြို့စွန် နားကို ဝင်ရောက်လာပြီလို့ အသွင်ကူးပြောင်းရေး ကောင်စီက ပြောပါတယ်။

မြို့တောင်ပိုင်းနဲ့ အနောက်ဖက် ၊ မြို့လယ်ကနေ ရှစ်ကီလိုမီတာ အကွာလောက်က နှစ်ဖက် ကာကွယ်ရေး လမ်းကြောင်းကို ကျော်ဝင်လာပြီလို့ NTC ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

သူတို့တွေဟာ ပြန်လည်ခုခံမှုတွေနဲ့ ကြုံတွေ့ရပြီး တချို့ တပ်ဖွဲ့တွေ ဆိုရင် နှစ်ကီလိုမီတာ လောက်အထိ ပြန်ဆုတ်ကာ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်ခဲ့ ရတယ်လို့ ဆိုပါတယ်။

ဆာ့ထ်မြို့ တဝိုက်က အခြေအနေတွေနဲ့ ပတ်သက်ပြီး တိုက်ရိုက် အတည်ပြုချက်တွေတော့ မရသေးပါဘူး။

ဆာ့ထ်မြို့ဟာ ကဒါဖီ တပ်ဖွဲ့တွေ နောက်ဆုံး ထိန်းချုပ်ထားတဲ့ မြို့တွေထဲက တခု ဖြစ်ပါတယ်။