ဂရိနိုင်ငံကို ချေးငွေပေးရေး ကြန့်ကြာနေ

  • 16 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် afp
Image caption ဥရောပနိုင်ငံတွေ အတွက် ကယ်ဆယ်ရေး ရန်ပုံငွေ တိုးချဲ့နိုင်ခဲ့

ပိုလန်မှာ ကျင်းပနေတဲ့ ဥရောပသမဂ္ဂ ဘဏ္ဍာရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဂရိနိုင်ငံကို ဒုတိယအရစ် ချေးငွေ ပေးရေး အတွက် ကြန့်ကြာမှုတွေ ဖြစ်နေပြီး ​ရှေ့လ ကျမှာ ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။

နောက်ထပ် အပိုငွေ ဒေါ်လာ ၁၁ ဘီလီယံ မရရင် တော့ ဂရိနိုင်ငံဟာ ငွေပြတ်လပ်တော့မှာ ဖြစ်ပြီး၊ ပေးရန်ရှိ အကြွေးတွေကိုလည်း ပြန်ဆပ်နိုင်မယ့် အလားအလာ မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

ဒါပေမယ့်လည်း ဂရိနိုင်ငံအနေနဲ့ သူတို့ လုပ်စရာရှိတဲ့ တာဝန်တွေအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ပြီး၊ ခိုင်မာတဲ့ ကတိကဝတ်တွေ ထပ်ပေးတဲ့အပေါ် ဝန်ကြီးတွေက ကြိုဆိုခဲ့ပါတယ်။

နောက်ပြီး အိုင်ရာလန်နဲ့ စပိန်နိုင်ငံတို့ အနေနဲ့လည်း လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည်ဖေါ်ရေးကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းကိုလည်း ဝန်ကြီးတွေက ပြောပါတယ်။

ဥရောပနိုင်ငံတွေအတွက် ပြုလွယ်ပြောင်းလွယ် လုပ်နိုင်တဲ့ ကယ်ဆယ်ရေး ရန်ပုံငွေ တိုးချဲ့ဖို့ကို အဖွဲ့ဝင်အားလုံးက သဘောတူခဲ့တဲ့ အပေါ်ကိုလည်း ကြိုဆိုလိုက်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးတွေဟာ eurozone နိုင်ငံတွေရဲ့ ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းရေး အတွက် ပိုလန်နိုင်ငံမှာ အစည်းအဝေး ပြုလုပ်နေကြတာ ဖြစ်ပါတယ်။