စစ်သွေးကြွတွေနဲ့ ပါကစ္စတန် အစိုးရ ဆက်စပ်နေ

  • 18 စက်တင်ဘာ 2011
Haqqani
Image caption ပါကစ္စတန် အစိုးရနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲထားတဲ့ ဟတ်ခါနီ စစ်သွေးကြွ အဖွဲ့

အာဖဂန် နစ္စတန်မှာ လှုပ်ရှားနေတဲ့ စစ်သွေးကြွ ကွန်ယက် တွေနဲ့ ပါကစ္စတန် အစိုးရတို့ ဆက်စပ်မှု ရှိတာကို ပြနေတဲ့ အထောက် အထားတွေ ရထားတယ်လို့ ပါကစ္စတန် ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောလိုက်ပါတယ်။

အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှု ဝါဒကို အောင်အောင် မြင်မြင် နှိမ်နင်းနိုင်ဖို့ ကျနော်တို့ အားလုံး ညှိညှိ နှိုင်းနှိုင်းနဲ့ အတူ လုပ်ဆောင်ရမှာ ဖြစ်တယ် ဆိုပြီးလည်း အမေရိကန် သံအမတ် ကြီးက ပြောခဲ့ပါတယ်။

ပါကစ္စတန် အစိုးရနဲ့ ဆက်စပ်မှု ရှိတယ်လို့ စွပ်စွဲ ခံထားရတဲ့ ဟတ်ခါနီ အဖွဲ့ဟာ တာလီဘန်နဲ့ အဆက် အစပ် ရှိပြီး အာဖဂန် နစ္စတန် နိုင်ငံထဲက အနောက် နိုင်ငံနဲ့ ဆိုင်တဲ့ ပစ်မှတ်တွေ၊ အိန္ဒိယ နိုင်ငံနဲ့ ဆိုင်တဲ့ ပစ်မှတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံထဲက နေတိုး အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အပါအဝင် တခြား အထင်ကရ ဗုံးခွဲ တိုက်ခိုက် မှုတွေကို ကျူးလွန်နေတဲ့ အဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က အာဖဂန် လုံခြုံရေး အဖွဲ့တွေနဲ့ နာရီ နှစ်ဆယ် နီးနီး အသေ အကြေ တိုက်ခဲ့ ကြတဲ့ တိုက်ပွဲ ဟာလည်း ဒီအဖွဲ့နဲ့ ဖြစ်ပါတယ်။

ပါကစ္စတန် အစိုးရကတော့ အမေရိကန် သံအမတ်ရဲ့ ပြောကြားချက်ကို တလျှောက်လုံး ငြင်းလာခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ အာဖဂန်နစ္စတန်က အဖွဲ့သာ ဖြစ်တယ်လို့ ပါကစ္စတန် အစိုးရက ပြောနေပေမယ့် သတင်းထောက် တွေကတော့ ဒီအဖွဲ့ရဲ့ အမြစ်တွေဟာ ပါကစ္စတန် နိုင်ငံထဲထိ ရောက်ပြီး ပါကစ္စတန် လုံခြုံရေး ဌာနနဲ့တောင် ဆက်စပ်နေတယ် ဆိုပြီး ပြောကြပါတယ်။

အမေရိကန်တွေက ပါကစ္စတန် အာဏာပိုင်တွေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ ဆက်စပ်မှု ရှိနိုင်တာကို အစောပိုင်း ကတည်းက သံသယ ရှိခဲ့ပေမယ့် ခုလို ဗြောင်ဖွင့်ပြောတာမျိုးက လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အာဖဂန် နစ္စတန်က အထင်ကရ ဗုံးခွဲမှုတွေကို ဟတ်ခါနီ အဖွဲ့ လုပ်တာဖြစ်

အာဖဂန် နစ္စတန်မှာ သတင်းထောက် တယောက် အသတ်ခံရမှုကို ပါကစ္စတန် အစိုးရက ညွှန်ကြားခဲ့တာဆိုပြီး ခု ဇူလိုင် လတုန်းက အမေရိကန် ထိပ်တန်း စစ်ဘက် တာဝန်ခံ ရေတပ်က ဗိုလ်ချုပ်ကြီး မိုက်မူလန်က ထုတ်ပြောဖူးပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန် နယ်စပ်မှာ ဟိုဘက် ဒီဘက် ကူးပြီး လှုပ်ရှားနေတယ်လို့ ယူဆရတဲ့ ဒီဟတ်ခီနီ စစ်သွေးကြွ ကွန်ယက်ကို ပါကစ္စတန် အစိုးရက ဘာမှ မလုပ်ဘဲ ကြည့်နေတာကို အမေရိကန် အာဏာပိုင်တွေက စိတ်ပျက်နေတာ အချိန် အတော်ကြားထဲက ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒီတော့ ပါကစ္စတန် အာဏာပိုင်တွေက ဒီ စစ်သွေးကြွ ကွန်ယက်ကို ထိထိရောက်ရောက် မကိုင်တွယ်ရင် ပါကစ္စတန် နိုင်ငံထဲထိ ဒီအဖွဲ့ကို ဝင်တိုက်မယ် ဆိုပြီး ပြီးခဲ့တဲ့ အပတ်က အမေရိကန် အာဏာပိုင်တွေက ထုတ်ပြောတဲ့ထိ ဖြစ်လာပါတယ်။

အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေးဟာ အော်စမာ ဘင်လာဒင်ကို ဝင်စီးတဲ့ အဖြစ်အပျက် နောက်ပိုင်းက စပြီး သိသိသာသာ ဆိုးရွား လာခဲ့ပါတယ်။

အမေရိကန် သံအမတ်ကြီး ကိုယ်တိုင်ကလည်း ဒါကို အသိအမှတ် ပြုပြောသွားပြီး နှစ်နိုင်ငံ ပူးပေါင်းပြီး စစ်သွေးကြွတွေကို အတူ လက်တွဲ တိုက်သင့်နေပြီလို့ ပြောပါတယ်။

ဒီအတော အတွင်းမှာ ဟက်ကီနီ ကွန်ယက် ခေါင်းဆောင်ရဲ့သားက ရိုက်တာ သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သူတို့ရဲ့ အခြေခံ စခန်းတွေ ပါကစ္စတန် နိုင်ငံထဲ ရှိမနေတော့ဘူးလို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် သူတို့ အဖွဲ့ အနေနဲ့ တာလီဘန်က သဘောတူရင် အာဖဂန် နစ္စတန်မှာ အမေရိကန် အစိုးရနဲ့ စေ့စပ် စကားပြောဖို့တောင် ပြင်ထားတယ်လို့ ဆိုပါတယ်။

အရင်ကတော့ ဒီလို အမေရိကန်နဲ့ စကားပြောဖို့ကို တောက်လျှောက် ငြင်းခဲ့တာ ဖြစ်ပါတယ်။

ခုဆိုရင် နေတိုး တပ်တွေကို အာဖဂန် နစ္စတန်ကနေ တဖြည်းဖြည်း ရုပ်သိမ်းတော့မှာမို့ အမေရိကန်တွေ အနေနဲ့ ဟတ်ကီနီ ကွန်ယက်ရဲ့ တိုက်ခိုက် ဖျက်စီး နိုင်စွမ်းကို ပိုလို့တောင် သတိထား စိုးရိမ်နေတဲ့ အနေအထား ရောက်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။