ဘန်နီဝါလိကို ပြန်တိုက်ဖို့ သူပုန်တွေတပ်ဖြည့်

  • 17 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ကဒါဖီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပြန်ခုခံခဲ့

လစ်ဗျားနိုင်ငံမှာ ကဒါဖီကို ဆန့်ကျင် တိုက်ခိုက် နေတဲ့ တပ်ဖွဲ့တွေဟာ ကဒါဖီရဲ့ လက်ကျန် အမာခံမြို့ ၂ မြို့ဖြစ်တဲ့ ဘန်နီဝါလိနဲ့ ဆာ့တ်မြို့ တို့ကို သိမ်းပိုက်ဖို့ သောကြာနေ့က ကြိုးစားရာမှာ မအောင် မမြင် ဖြစ်ခဲ့ရတာကြောင့် စနေနေ့မှာတော့ တပ်တွေကို ပြန်စုနေပါတယ်။

ဘန်နီဝါလိမှာရှိတဲ့ အတိုက်အခံ တပ်မှူးတွေက သူတို့ဟာ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဖို့ အတွက် တပ်အင်အား ထပ်ဖြည့်တာကို စောင့်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

​နောက်ပြီး ဘန်နီဝါလိမှာ ရှိတဲ့ လူအများစုက ကဒါဖီကို ထောက်ခံသူတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မနေ့ကတော့ ဆာ့တ်နဲ့ ဘန်နီဝါလိ မြို့တွေက ကဒါဖီတပ်တွေဟာ ရောကက်တွေ၊ မော်တာ တွေနဲ့ အပြင်းအထန် ပြန်လည်ခုခံ ပစ်ခတ်ခဲ့တဲ့ အတွက် သူပုန်တပ်တွေဟာ ပြန်ဆုတ် ခဲ့ကြရတာ ဖြစ်ပါတယ်။

သူပုန်တပ်တွေဟာ ကစဉ့်ကလျား ပြန်ဆုတ်ခဲ့ကြရတဲ့ ပုံပေါ်ပြီး၊ ဒါဟာလည်း ပထမ အကြိမ်မဟုတ်ဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

မြို့ထဲမှာရှိတဲ့ အရပ်သားတွေအတွက် အစားအစာ၊ ရေနဲ့ လျှပ်စစ်မီး အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ ယူဆရတဲ့အတွက် စိုးရိမ်မှုတွေလည်း တိုးပွားလာ နေပါတယ်။