ဂရိ ကနေ အီတလီ ဆင့်ပွား ပြဿနာကနေ ယူရိုငွေကြေး ကျပြီ

  • 20 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိ ဘဏ္ဍာရေး ဝန်ကြီး အီးယူနဲ့ အိုင်အမ်အက်ဖ်က စာရင်းစစ်တွေနဲ့ နှစ်နာရီ ဆွေးနွေး

တင်ရှိနေတဲ့ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးတွေ ပြန်မဆပ်နိုင်မှာ စိုးလို့ ထပ်မံ ဖိအားပေး ခံနေရတဲ့ ဂရိနိုင်ငံဟာ နိုင်ငံတကာက ကြွေးရှင်တွေနဲ့ ထိရောက်ပြီး ရလဒ်ကောင်းတွေ ပေါ်ထွက် နိုင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဂရိအစိုးရ က ပြောပါတယ်။

မနေ့က တနင်္လာနေ့တုန်းက ဂရိအစိုးရ အသုံးစရိတ် လျော့ချရေး အစီအစဉ် အပေါ် လေ့လာ သုံးသပ်ထားတဲ့ ယူရိုဇုံနဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့က စာရင်းစစ်တွေနဲ့ဂရိ ဘဏ္ဍာရေး ဝန်ကြီးတို့ နှစ်နာရီကြာ အစည်းအဝေး ကျင်းပခဲ့ကြပြီး ဒီနေ့ အင်္ဂါနေ့မှာ ထပ်မံ ဆွေးနွေး ကြလိမ့်ဦးမယ်လို့ အရာရှိတွေက ဆိုပါတယ်။

အခု လတ်တလော သူတို့နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေကို ကျားကန်ပေးဖို့ ဒေါ်လာ ၁၁ ဘီလီယံ လောက် လိုတယ် ဒါမှမဟုတ်ရင် နောက်လကျရင် ငွေပြတ် သွားလိမ့်မယ်လို့ ဂရိ အစိုးရ က ပြောပါတယ်။

ဥရောပနဲ့ အာရှ စျေးကွက်မှာ အစုရှယ်ယာတွေ စျေးကျသွားခဲ့ပြီးတဲ့နောက် နယူးယောက် မြို့မှာလည်း ရှယ်ယာစျေးတွေ နည်းနည်း ထိုးဆင်းသွားခဲ့ပါတယ်။

ဂရိရဲ့ ကြွေးမြီ ပြဿနာအပေါ် ထပ်မံ စိုးရိမ်မှုတွေ ပေါ်ပေါက်နေပြီး အဲဒီလို စိုးရိမ်မှုက ယူရိုငွေကြေးသုံး နိုင်ငံတွေ အတွင်း ရိုက်ခတ်ခဲ့တာကြောင့် အခုလို အစုရှယ်ယာစျေးတွေ ကျဆင်း သွားတာပါ။

ဒေါင်းဂျုံးနဲ့ တခြား အစုရှယ်ယာ အညွှန်းကိန်းတွေလည်း မနေ့က စျေးဖွင့်စမှာဘဲ နှစ်ရာခိုင်နှုန်းလောက် ကျသွားခဲ့ပေမယ့် စျေးပိတ်ချိန်မှာတော့ တစ်ရာခိုင်နှုန်းလောက် က ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အီတလီရဲ့အကြွေးပြန်ဆပ်စွမ်း ကျလို့ ယူရိုငွေကြေးကျ

တခါ အီတလီ နိုင်ငံရဲ့ အကြွေး ပြန်ဆပ်နိုင်စွမ်းကို SNP အကြွေးပြန်ဆပ် နိုင်စွမ်း စံသတ်မှတ် တိုင်းတာရေး အေဂျင်စီက A+ ကနေ A အဆင့်အထိ လျော့ချ သတ်မှတ် လိုက်ပါတယ်။

ဒီသတင်း ထွက်လာပြီး နာရီပိုင်း အတွင်း ယူရို ငွေကြေးရဲ့ လဲလှယ်နှုန်း ကျဆင်းသွားခဲ့ပါတယ်။