ကုလ အဖွဲ့ဝင် ဖြစ်ဖို့ ပါလက်စတိုင်း လျှောက်မည်

  • 20 စက်တင်ဘာ 2011
Palestine ဓာတ်ပုံ မူပိုင် b
Image caption ပါလက်စတိုင်းကို ကုလ အဖွဲ့ထဲ လက်ခံဖို့ ဒီအပတ် ကုလ ညီလာခံမှာ လျှောက်မည်။

ဒီတပတ် အထွေထွေ ညီလာခံမှာ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့က ပါလက်စတိုင်းကို ကုလသမဂ္ဂ အဖွဲ့ဝင် အဖြစ် တင်းပြည့် ကျပ်ပြည့် လက်ခံဖို့ လျှောက်ထားတော့မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ ပါလက်စတိုင်း နိုင်ငံ ပေါ်ထွက်လာမယ့် ဘယ်လို အဆို ပြုမှုမျိုးကို မဆို ဆန့်ကျင်မယ်လို့ အစ္စရေးက ပြောပြီး အမေရိကန်ကလည်း ဒီကိစ္စ မဲခွဲရင် ဗီတို သုံးမယ်လို့ ပြောထား ပါတယ်။

ခုနောက်ဆုံး အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စနဲ့ နယူးယောက်မှာ တိုက်ရိုက် တွေ့ပြီး စကားပြောဖို့ တောင်းဆို လိုက်ပါတယ်။

အစ္စရေး ဘက်က ပါလက်စတိုင်းတွေ သူတို့ နိုင်ငံ ထူထောင်ဖို့ ကိစ္စကို ကုလသမဂ္ဂကနေ ကြိုးစားမှာကို အရမ်း စိုးရိမ်ပါတယ်။

အဲဒိ အတွက်ကြောင့် အစ္စရေး ဝန်ကြီးချုပ်က ပါလက်စတိုင်း သမ္မတနဲ့ တိုက်ရိုက် စကား ပြောမယ်ဆိုပြီး တောင်းဆိုတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်က နယူးယောက်ကနေ သတင်းမှတ်ချက် ပေးပို့ပါတယ်။

မာမွတ် အာဘတ်(စ)က ဘယ်အစ္စရေး ခေါင်းဆောင်နဲ့ မဆို တွေ့မယ်လို့ ပြောထားပေမယ့် တွေ့ဖို့ လိုမှ ဆွေးနွေးစရာ အကြောင်းအရာ ရှိမှ တွေ့မယ်လို့လည်း ပြောထားပါတယ်။

တဘက်မှာ ဘာမှ အလုပ် မဖြစ်ပဲ အချိန်တွေလည်း ကုန်လှပြီ၊ ထပ်မကုန် ချင်တော့ဘူးလို့ ပါလက်စတိုင်းတွေဘက်က ပြောပါတယ်။

ပါလက်စတိုင်းဘက်က ပြောတာက သူတို့ လိုချင်တဲ့ နိုင်ငံက ၁၉၆၇ အာရပ် အစ္စရေး စစ်ပွဲ မတိုင်ခင်က ရှိခဲ့တဲ့ နယ်နမိတ်အတိုင်း ပြန်လိုချင်တယ်၊ နောက်တခါ အစ္စရေးက သူ့နိုင်ငံ သားတွေ အခြေချ နေထိုင်ဖို့ အမြဲတန်း အိမ်ယာတွေ ဆက်ဆောက်တာကို ရပ်စေ ချင်တာ ဖြစ်တယ်လို့ ဘာဘရာ ပလက်က သတင်းပေးပို့ ထားပါတယ်။