သူဌေးတွေ အခွန် ပိုပေးရမယ်လို့ အိုဘားမားပြော

  • 20 စက်တင်ဘာ 2011
Obama ဓာတ်ပုံ မူပိုင် bbc
Image caption တိုင်းပြည် အကြွေးထက် ကိုယ့်အကျိုး စီးပွားကိုသာ ရှေးရှုနေလို့ အိုဘားမား ရီပတ်ဗလစ်ကန်ကို စွပ်စွဲ

ရှေ့နှစ် သမ္မတ ရွေးကောက်ပွဲမှာ ထပ်အရွေး ခံဖို့ ကြိုးစား နေတဲ့ အမေရိကန် သမ္မတ အိုဘားမားက သူဌေးတွေကို အခွန် တိုးကောက်ကြဖို့ တောင်းဆို လိုက်ပါတယ်။

လူကြိုက်များအောင် ရေးထားတဲ့ မိန့်ခွန်းမှာ အိုဘားမားက ဒေါ်လာ သုံးထရီလီယံ တန်တဲ့ အစီအမံ တွေကို ကြေညာ သွားပြီး အဲဒိထဲမှာ သူဌေးတွေဆီက အခွန် တိုးကောက်ဖို့ ပါသလို အတိုက်အခံ ရီပတ် ဗလစ်ကန်တွေ သဘော ကျတဲ့ အသုံးစရိတ် လျော့ချရေး အစီအမံတွေ ပါပါတယ်။

ဒီမိန့်ခွန်းကို အိုဘားမားဟာ သူ့ကို လူတန်းစား တိုက်ပွဲ ဆင်နွှဲနေတယ်ဆိုပြီး စွပ်စွဲနေတဲ့ ရီပတ်ဗလစ်ကန်တွေကို ပြန်ချေပတဲ့ မိန့်ခွန်းလို့ မြင်ချင် မြင်နိုင်ကြောင်း ဘီဘီစီ သတင်း ထောက်က ဒီစီကနေ သုံးသပ်ချက် ပေးပါတယ်။

မိန့်ခွန်းထဲမှာ သူ့ကို စွပ်စွဲတဲ့ ရီပတ်ဗလစ်ကန်တွေကို နံမယ်နဲ့ တကွ ထုတ်ဖော် တိုက်ခိုက်ခဲ့ပြီး အမေရိကန်ရဲ့ ပထမဆုံး သမ္မတ ဂျော့ဝါရှင်တန်ရဲ့ အခွန်နဲ့ ပတ်သက်တဲ့ အပြောတခုကို လည်း ကိုးကားပြီး တိုက်ခိုက်ခဲ့ပါတယ်။

မိန့်ခွန်း တခုလုံးက ရီပတ်ဗလစ်ကန်တွေကို လူဆိုး အဖြစ် ပုံဖော်ထားပြိး နားထောင်တဲ့ လူအတွက်က ရီပတ် ဗလစ်ကန်တွေဟာ တိုင်းပြည် ကြွေးပတ်လည် ဝိုင်းနေတာကို လုံးဝ ဂရု မစိုက်ဘဲ သူတို့ အကျိုးစီးပွား ကွက်ကွက် လေးကို အသည်း အသန် ကာကွယ်နေတဲ့ ကောက်ချက်မျိုး ချမိအောင် ရေးထားတဲ့ မိန့်ခွန်းပဲလို့ ဘီဘီစီ သတင်း ထောက်က မှတ်ချက် ပေးပါတယ်။

တခု ရှိတာက ခုသူ့မိန့်ခွန်းထဲ ထည့်ပြော သွားတဲ့ အစီအမံ ဆိုတာက ဥပဒေ အဖြစ် တင်ဖို့တောင် အဆင်သင့် မဖြစ်သေးဘဲ သူဖြစ်ချင်တာတွေကို ပြောသွားရုံ ဖြစ်ပါတယ်။

ကွန်ဂရက်မှာ ဘတ်ဂျက် လိုငွေပြမှု လျှော့ချရေး အတွက် ဖွဲ့ထားတဲ့ ပါတီ နှစ်ခုလုံးက ကိုယ်စားလှယ်တွေ ပါတဲ့ ဆူပါ ကော်မတီဆိုတဲ့ ကော်မတီ တခု ရှိပါတယ်။

သူတို့က နိုဝင်ဘာ နောက်ဆုံးထားပြီး ဘတ်ဂျက် လျှော့ချရေးနဲ့ ဆိုင်တဲ့ အစီအမံ တခုကို ဆွဲမှာပါ။

ဆူပါကော်မတီက သူတို့ရဲ့ အစီရင်ခံစာကို မထုတ်မချင်း အပြန်အလှန် ငြင်းကြ ခုန်ကြတဲ့ အဆင့်မှာဘဲ ရှိအုံးမှာပါ။

အဲဒိ ကော်မတီက တခုခု ထွက်လာပြီးမှသာ အိုဘားမားက ထွက်လာတဲ့ ရလာဒ်ကို ကြည့်ပြီး ရှေ့နှစ် ရွေးကောက်ပွဲ အတွက် သူ့ဗျူဟာကို ချမယ့်ပုံ ရှိပါတယ်။

ဘတ်ဂျက် လိုငွေပြမှု လျှော့ချရေးက အမေရိကန် စီးပွားရေး ပြန်မော့လာဖို့ မလုပ်မဖြစ် လုပ်ရမယ့် အရာဖြစ်ပါတယ်။

အမေရိကန်ရဲ့ အကြွေး ထုကြီးရော၊ နှစ်စဉ် တိုးလာနေတဲ့ အကြွေးတွေရောက ခုပုံစံ အတိုင်း ဘယ်လိုမှ ဆက်သွားလို့ မရတဲ့ အနေအထား ဖြစ်ပါတယ်။

မကြာ သေးခင်ကပဲ အကြွေး ပြန်ဆပ်နိုင်စွမ်း အဆင့် ချခံခဲ့ရတဲ့ အတွက် ဒီအကြွေး ကိစ္စက မလုပ် မဖြစ် လုပ်ရမှာကို အားလုံး သဘောတူပြီးသားပါ။

ခုလုပ်ရမှာက ဒီရည်ရွယ်ချက် ပြည်အောင် နှစ်ပါတီ စလုံး သဘောတူတဲ့ အနေအထား တခု ရောက်လာအောင် ဘယ်လို လုပ်မလဲ ဆိုတာပဲ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထားပါတယ်။