ယီမင်မှာ အကြမ်းဖက်မှုများ ဆက်ဖြစ်

  • 19 စက်တင်ဘာ 2011
Yemen ဓာတ်ပုံ မူပိုင် AP
Image caption ဆနားမြို့က ဆန္ဒပြသူများ တိုက်ခိုက်ခံရ

ယီမင်နိုင်ငံမှာ တနင်္ဂနွေနေ့က ဆန္ဒပြမှု တွေအတွင်း အနည်းဆုံး လူ ၂၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ ရာဂဏန်း ရှိခဲ့ပေမယ့် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေးကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ နိုင်ငံတဝန်း ဆက်လုပ်သွား မယ်လို့ ယီမင်က အတိုက်အခံ ခေါင်းဆောင်တွေက ပြောပါတယ်။

တနင်္လာ့နေ့မှာလည်း မြို့တော် ဆနားက ဆန္ဒပြမှုတွေအတွင်း သမ္မတဆာလေးကို ကန့်ကွက်ဆန္ဒပြသူတွေနဲ့ ထောက်ခံသူတွေကြား အပြင်းအထန်တိုက်ခိုက်ခဲ့ကြလို့ နောက်ထပ် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ လူတွေလည်း ဒဏ်ရာရခဲ့ပါတယ်။

ဆန္ဒပြသူတွေနဲ့ ပေါင်းသွားတဲ့ စစ်တပ်အခြေစိုက်စခန်းတစ်ခုကိုလည်း အစိုးရဘက်က ဝေဟင်ကနေ တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သမ္မတ အလီ အဗ္ဗဒူလာ ဆာလေးဘက်ကနေ အခုအကြိမ် တိုက်ခိုက်မှုဟာ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြနေသူတွေအပေါ် ၂၆ ကြိမ်မြောက် အကြီးအကျယ် သတ်ဖြတ်မှုဖြစ်တယ်လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း အစိုးရတပ်တွေက စက်သေနတ်အပြင် လက်နက်ကြီးတွေလည်း အသုံးပြုခဲ့ပါတယ်။

ယီမင် ကာကွယ်ရေးဝန်ကြီးဌာနကတော့ အခုအကြမ်းဖက်မှုတွေ ဖြစ်ရတာက သမ္မတဆာလေး နှုတ်ထွက်ဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေ ဘက်က စလို့ ဖြစ်ရတာလို့ ဆိုပါတယ်။

သမ္မတဆာလေးကိုယ်တိုင်ကတော့ ဇွန်လအတွင်း သူ့အိမ်ခြံဝင် ဗုံးခွဲအတိုက်အခိုက်ခံရလို့ လောလောဆယ် ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ဆေးကုသမှု ယူနေရပါတယ်။