မစ်ဆူဘီရှီ လက်နက် ကုမ္ပဏီ အင်တာနက် တိုက်ခိုက်ခံရ

  • 20 စက်တင်ဘာ 2011

ဂျပန်နိုင်ငံက မစ်ဆူဘီရှီ အကြီးစား စက်မှု ကုမ္ပဏီကြီးရဲ့ ကွန်ပြူတာထဲက သတင်း အချက်အလက်တွေ အခိုး ခံခဲ့ရတဲ့ အတွက် ရဲက စုံစမ်း စစ်ဆေးမှုတွေ လုပ်နေ ပါတယ်။

Image caption တိုကျိုက မစ်ဆူဘီရှီ ရုံးချုပ်

မစ်ဆူဘီရှီ အကြီးစား စက်မှု လုပ်ငန်း ကုမ္ပဏီကြီးဟာ ဂျပန် နိုင်ငံရဲ့ အကြီးဆုံး ကာကွယ်ရေး လက်နက်တွေ ဖြစ်တဲ့ မစ်ဆိုင်း ဒုံးတွေက အစ စစ်သင်္ဘောတွေ၊ ရေငုပ် သင်္ဘောတွေ အဆုံး၊ အစိုးရ အတွက် ကန်ထရိုက်နဲ့ ဆောက်လုပ်ပေး နေတဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ တုန်းက ကုမ္ပဏီရဲ့ ကွန်ပြူတာတွေ၊ အချက်အလက်တွေ သိမ်းဆည်းရာ ဆာဗာ server ၈၃ ခု လောက်မှာ ဗိုင်းရပ်စ်တွေ ဝင်နေတာ တွေ့ခဲ့ရ ပါတယ်။

ဒါပေမဲ့ သူတို့ ကုမ္ပဏီရဲ့ ကွန်ပြူတာတွေ အချက် အလက်တွေ အခိုးခံ ခဲ့ရတဲ့ အကြောင်း ဂျပန် သတင်းမီဒီယာ တွေမှာ ပါလာခဲ့အပြီး တနင်္လာနေ့ကမှ ဒီအကြောင်းကို ဂျပန် အစိုးရထံ တိုင်ကြား တင်ပြခဲ့ တာပါ။

သူတို့ ကုမ္ပဏီ ကိုယ်တိုင် လောလောဆယ် လုပ်နေတဲ့ စုံစမ်း စစ်ဆေးမှု အရ ကာကွယ်ရေး လက်နက် စနစ်နဲ့ ပတ်သက်လို့ အတိမ်း အစောင်း မခံတဲ့ သတင်း အချက်အလက်တွေ အခိုး ခံရတယ်ဆိုတဲ့ အရိပ် လက္ခဏာမျိုး မတွေ့ရ သေးဘူးလို့ မစ်ဆူ ဘီရှီ ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အခုလို ကွန်ပြူတာ အချက် အလက်တွေ အခိုး ခံရတဲ့ အကြောင်း မစ်ဆူဘီရှီ ကုမ္ပဏီက သတင်း မပို့ခဲ့တာကတော့ မလုပ်ထိုက်ဘူးလို့ ဂျပန် ကာကွယ်ရေး ဝန်ကြီး ဌာနက ထုတ်ဖေါ် ပြောခဲ့ပြီး လုံခြုံရေး တင်းကျပ်ဖို့ မစ်ဆူဘီရှီ ကုမ္ပဏီကို တိုက်တွန်းလိုက် ပါတယ်။

ဒီအတော အတွင်းမှာပဲ ကာကွယ်ရေး လက်နက်တွေ ကန်ထရိုက်နဲ့ ဆောက်လုပ်ပေး နေတဲ့ နောက် ဂျပန် ကုမ္ပဏီကြီးတခုဖြစ်တဲ့ IHI ကုမ္ပဏီကလည်း သူတို့ရဲ့ ကွန်ပြူတာ အချက် အလက်တွေ အခိုး ခံခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီ ကုမ္ပဏီဟာ စစ်လေယာဉ်တွေ အတွက် စက်ပစ္စည်း အစိတ် အပိုင်းတွေ ထောက်ပံ့ ဖြည့်ဆည်းပေး နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး ဗိုင်းရပ်စ် တွေ ပါတဲ့ အီးမေးလ်တွေ လက်ခံ ရနေတာ လနဲ့ချီ နေပြီလို့ ပြောပါတယ်။

ဒါပေမဲ့ ဒီဗိုင်းရပ်စ် တွေကို ကုမ္ပဏီရဲ့ လုံခြုံရေး စနစ်က ကာကွယ် တားဆီးလိုက် နိုင်ခဲ့တယ်လို့ IHI ကုမ္ပဏီက ပြောပါတယ်။