အာဖဂန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်မယ်

  • 21 စက်တင်ဘာ 2011
Image caption ညှိနှိုင်းရေးအကြီးအကဲ လုပ်ကြံခံရပြီး၊ သမ္မတ က နောက်တဦးကို အမြန်ဆုံး ခန့်အပ်ချင်နေ

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေနဲ့ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်နေတဲ့ အစိုးရ ညှိနှိုင်းရေး အကြီးအကဲ Burhanuddin Rabbani သတ်ဖြတ်ခံလိုက်ရ ပေမယ့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့် သွားမှာ မဟုတ်ဘူးလို့ အာဖဂန် အစိုးရက ပြောကြား လိုက်ပါတယ်။

အခုလို မစ္စတာ Burhanuddin Rabbani လုပ်ကြံ ခံခဲ့ရ အပြီးမှာ ငြိမ်းချမ်းရေး ကောင်စီအတွက် နောက်ထပ် အကြီးအကဲ တဦးကို မစ္စတာ ကာဇိုင်းအနေနဲ့ အမြန်ဆုံး ခန့်အပ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက လိုလားနေပါတယ်။

ဒါပေမဲ့ အာဖဂန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Janan Mosazai ကတော့ အာဖဂန်စစ်ပွဲကို စစ်ရေးနည်းနဲ့ မဖြေရှင်းနိုင်ဘူး ဆိုတာကို သူတို့အနေနဲ့ အရင်ကတည်းက ပြတ်ပြတ်သားသား ပြောခဲ့ပြီးဖြစ်ကြောင်းနဲ့ မစ္စတာ Rabbani လုပ်ကြံ ခံရခြင်း အားဖြင့် ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေကို ဆိုင်းငံ့သွားစေမှာ မဟုတ်ဘူးလို့ ပြောကြားသွား ပါတယ်။

အဆင့်မြင့် ငြိမ်းချမ်းရေး ကောင်စီ ဖွဲ့စည်းခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလ တုန်းက ဒီကောင်စီဟာ အာဖဂန် ပြည်သူတွေအတွက် အကြီးမားဆုံး မျှော်လင့်ချက်ကြီး ဖြစ်တယ်လို့ မစ္စတာ ကာဇိုင်းက ပြောခဲ့ပြီး တာလီဘန်တွေ အနေနဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ငြိမ်းချမ်းရေး ဆောင်ကျဉ်းရာမှာ အကူအညီပေးဖို့ ပန်ကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီငြိမ်းချမ်းရေး ကောင်စီမှာ ပါတဲ့ အဖွဲ့ဝင် အတော်များများဟာ တာလီဘန် တွေကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့ တပ်မှူးခေါင်းဆောင်ဟောင်းတွေ ဖြစ်ပြီး သူတို့ကို အခုလို ထည့်သွင်းထားတာကြောင့် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ပါ့မလား ဆိုတဲ့ သံသယတွေ ထွက်ပေါ်ခဲ့ပါတယ်။

မစ္စတာ Rabbani ကို ငြိမ်းချမ်းရေး ကောင်စီ အကြီးအကဲ ခန့်အပ်လိုက်တုန်းက လူတွေ အတော့်ကို အံ့အားသင့်သွားခဲ့ကြပြီး၊ တချို့ဆို မူဂျာဟီဒင်းတွေနဲ့ သူ အရင် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အတွက် တရားစွဲဖို့တောင် တောင်းဆိုခဲ့ကြပါတယ်။

၁၉၇၀ ပြည့်လွန် နှောင်းပိုင်းနှစ်တွေ တုန်းက မစ္စတာ Rabbani ထူထောင်ခဲ့တဲ့ ပါတီတွေဟာ ဆိုဗီယက်တွေကို ဆန့်ကျင် တိုက်ခိုက်တဲ့ အာဖဂန် မူဂျာဟစ်ဒင်းတွေ ဖြစ်လာခဲ့ကြပြီး ပြည်တွင်းစစ်ကာလအတွင်းက ထိခိုက်သေဆုံးမှုတွေဟာ သူနဲ့ သူ့ရောင်းရင်းတွေရဲ့ လက်ချက် ဖြစ်တယ်ဆိုပြီး အတော်များများက ပြစ်တင် ပြောဆိုခဲ့ ကြပါတယ်။

၁၉၉၆ ခုနှစ်မှာ တာလီဘန်တွေက မစ္စတာ Rabbaniကို သမ္မတ အဖြစ်ကနေ ဖြုတ်ချခဲ့ကြ ပါတယ်။ အဲဒီနောက်မှာတော့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ရဲ့ အမည်ခံ အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် အမေရိကန် တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေ ကာဘူးလ် မြို့ထဲ ပြန်ဝင်လာပြီး တာလီဘန်တွေကို ၂၀၀၁ ခုနှစ်မှာ ဖြုတ်ချနိုင်ခဲ့ ပါတယ်။ မစ္စတာ Rabbani ကို အာဖဂန် သမ္မတ အဖြစ် ကုလသမဂ္ဂက ခုချိန်ထိ အသိအမှတ် ပြုထားဆဲ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံတဝှန်း အဆင့်မြင့် နိုင်ငံရေးသမားတွေ လုံခြုံရေး တပ်မှူးတွေ ဆက်တိုက် လုပ်ကြံခံခဲ့ကြရတဲ့ အထဲမှာ မစ္စတာ Rabbani လုပ်ကြံခံရမှုက အခုနောက်ဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ ဘယ်သူ့ လက်ချက်လဲဆိုတာ လောလောဆယ် ဘယ်သူကမှ ထုတ်ဖေါ် ဝန်ခံတာမျိုး မရှိသေးကြောင်းပါ။