အရှေ့လယ်ပိုင်း အကြမ်းဖက်မှု ပြင်သစ် သတိပေး

  • 22 စက်တင်ဘာ 2011
Palestine ဓာတ်ပုံ မူပိုင် b
Image caption သောကြာနေ့မှာ ပါလက်စတိုင်း နိုင်ငံ လျှောက်ထားချက်ကို ဘန်ကီမွန်းဆီ တင်ဖို့ရှိ

ပါလက်စတိုင်း တွေရဲ့ နိုင်ငံ အဖြစ် အပြည့် အဝ အသိအမှတ် ပြုရေး လျှောက်ထား ချက်ကို ကုလသမဂ္ဂမှာ အမေရိကန်က ဗီတိုသုံး ပယ်ချရင် အရှေ့ အလယ်ပိုင်းမှာ နောက်ထပ် အကြမ်း ဖက်မှုတွေ ထပ်ဖြစ် လာနိုင်တယ်လို့ ပြင်သစ် သမ္မတ ဆာကိုဇီးက သတိ ပေးလိုက်ပါတယ်။

ပြင်သစ် သမ္မတက အစ္စရေးနဲ့ ပါလက်စတိုင်း တို့ကို စေ့စပ် ညှိနှိုင်းမှု တခုခု ယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဆာကိုဇီ ကမ်းလှမ်း တာက ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ ထိပ်တိုက် တွေ့တာမျိုးကို ရှောင်ချင်တဲ့ အတွက် ကမ်းလှမ်းတာမျိုးလို့ ဘီဘီစီ သတင်းထောက်က မှတ်ချက် ပေးပါတယ်။

ပါလက်စတိုင်းတွေ လုံခြုံရေး ကောင်စီကို သွားပြီး အဲဒိမှာ ဗီတိုနဲ့ ပယ်ချ ခံရမယ့် အစား အထွေထွေ ညီလာခံကို သွားပြီး တင်းပြည့် ကျပ်ပြည့် အဖွဲ့ဝင် မဟုတ်တဲ့ ရိုးရိုး သာမန် လေ့လာသူ အဆင့်ကို အရင် ရအောင်လုပ်ဖို့ ပြင်သစ်က တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် အစ္စရေး ပါလက်စတိုင်း ဆွေးနွေးပွဲကို အချိန်ဇယား တခုခုနဲ့ သတ်သတ် မှတ်မှတ် ထားပြီး ဒီလကုန်မှာ အစ္စရေး ပါလက်စတိုင်း ဆွေးနွေးမှု ပြန်စပြီး တနှစ် အတွင်းမှာ အပြီးသတ် သဘော တူညီချက် ကျလာအောင် လုပ်ဆိုပြီး တင်ပြထားပါတယ်။

နှစ်ဘက် စလုံးအတွက်က အလျှော့ပေး စေ့စပ်ရတာမျိုး ဖြစ်နိုင်ပေမယ့် အစ္စရေးတွေက ဒါကို သဘောမကျဖို့ များပါတယ်။

သူတို့ဘက်က အသာ ရလိုက်တဲ့ စေ့စပ်မှုလို့ မြင်ကြမှာ မဟုတ်ပါဘူး။

ပါလက်စတိုင်းတွေက အဖွဲ့ဝင် မဟုတ်ပဲ ဆာကိုဇီ ပြောတဲ့ လေ့လာသူ အဆင့် ရပြီ ဆိုရင်ကို ပါလက်စတိုင်းတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တရားဝင် လမ်းပေါက်တော့မှာ ဖြစ်ပါတယ်။

ဥပမာ အိုင်စီစီ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှု ခုံရုံးလို အဖွဲ့အစည်းတွေကို ပါလက်စတိုင်း တွေက တရားဝင် တိုင်ကြားမှုတွေ လုပ်တာ၊ နောက် ဆုံးဖြတ်ချက် တင်တာတွေ ဘာတွေ လုပ်လာ နိုင်တော့မှာပါ။

ဒါကို အစ္စရေးက တကယ် စိုးရိမ်သလို အမေရိကန်လည်း အရမ်း စိုးရိမ် နေတယ်လို့ ဘီဘီစီ သတင်းထောက်က မှတ်ချက် ပေးထားပါတယ်။