ကုလသမဂ္ဂ အထွေထွေညီလာခံ စပြီ

  • 21 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတအိုဘားမားက ပါလက်စတိုင်း ကိစ္စကို ဗီတို အာဏာသုံးပြီး ပယ်ချမယ်လို့ ပြောထား

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မှာ စုရုံးရောက်ရှိနေကြတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံ အဖွင့်မှာ မိန့်ခွန်းတွေ ပြောကြား နေပြီ ဖြစ်ပါတယ်။

အခုနှစ် ညီလာခံမှာတော့ အာရပ်နိုင်ငံတွေက လူထုအုံကြွမှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး တောင်းဆိုချက်အပါအဝင် အရှေ့အလယ်ပိုင်း ကိစ္စရပ်တွေကသာ အဓိက လွှမ်းမိုးထားမှာ ဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပျက်ပြားခဲ့ရပြီး၊ အာရပ် တော်လှန်းရေး လှိုင်းတံပိုးရဲ့ လှုံ့ဆော်ပေးမှုကြောင့် လွတ်လပ်ရေး ကြိုးပမ်းချက်တရပ် အနေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်ရေး လျှောက်ထားရတာလို့ ပါလက်စတိုင်းတွေက ပြောပါတယ်။

ပါလက်စတိုင်း စတော့အိတ်စ်ချိန်းရဲ့ အမှုဆောင် အရာရှိချုပ်က ပြောကြားရာမှာတော့ ပါလက်စတိုင်းအရေးကို နိုင်ငံတကာအသိုင်းအဝိုင်းမှာ၊ ကုလသမဂ္ဂမှာ ပြန်ဆွေးနွေးဖို့ ကျွန်တော်တို့ အတွက် အချိန်ရောက်လာပါပြီ။ အခြေခံအားဖြင့်တော့ ၁၉၄၇/၄၈ ခုနှစ်တုန်းက အစ္စရေးတို့လုပ်ခဲ့တဲ့ ပုစံအတိုင်းမျိုး လုပ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ညီလာခံမှာ ပထမဦးဆုံး မိန့်ခွန်းပြောမယ့် သူတွေထဲမှာ သမ္မတအိုဘားမားလည်း ပါဝင် မှာဖြစ်ပြီး၊ သူက ပါလက်စတိုင်းတို့ရဲ့ ကြိုးပမ်းချက်ကို အစ္စရေးကိုယ်စား၊ ဗီတိုအာဏာ သုံးပြီး ပယ်ချမယ်လို့ ပြောထားပါတယ်။