မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့ မလေးရောက် မြန်မာတွေ ဆန္ဒပြ

  • 23 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် others
Image caption မြစ်ဆုံ ရေကာတာ ဆောက်တာရပ်ဖို့ မလေးရောက် မြန်မာတွေ ဆန္ဒပြ

မြန်မာအစိုးရက ဧရာဝတီ မြစ်ဆုံ ရေကာတာကို တည်ဆောက်ဖို့ စီစဉ်နေတာနဲ့ပတ်သက်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသား တွေက ကွာလာလမ်ပူမြို့ မြန်မာသံရုံးရှေ့မှာမနေ့က ဆန္ဒပြခဲ့ ကြပါတယ်။

နံနက် ဆယ်နာရီကျော်က စလို့ မြန်မာ အတိုက်အခံ အဖွဲ့အစည်း ၄ ခုက လူတွေစုရုံးပြီး တိုင်းရင်းသားတွေ အကုန် စုပေါင်း ဆန္ဒပြကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မေခ မလိခ မြစ်ကနေ ဖြစ်လာတဲ့ ဧရာဝတီ မြစ်ကြီးကို မြစ်ကြောင်းကို ဖြတ်ပြီး ရေကာတာ ဆောက်လိုက်မယ် ဆိုရင် မြစ်ကြောင်းက ရေတွေ ခန်းခြောက်လာမယ် ၊ ဒီမြစ်ကို အမှီသဟဲ ပြုနေတဲ့ ရေသတ္တဝါတွေ ပြည်သူလူထုတွေ ဒုက္ခ ရောက်နိုင်တယ် ၊ ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် မလေးရှား ဌာနခွဲက ကိုမျိုးခိုင်က ပြောပါတယ်။

ရေအား လျှပ်စစ် စီမံကိန်းကနေ ရတဲ့ လျှပ်စစ် ဓါတ်အားက မြန်မာ နိုင်ငံ အတွက် မဟုတ်ဘဲ တရုတ်ပြည်ကို တင်ပို့ ရောင်းချဖို့ ဖြစ်တာကြောင့် ဒါကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒပြကြတာလို့ သူက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မလေးဌာနခွဲ ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ( ပြည်ပ ) မလေးဌာနခွဲ ၊ ဇိုမီး အမျိုးသား ကွန်ဂရက် နဲ့ ကချင် အမျိုးသား အစည်းအရုံး တို့ ပေါင်းပြီး ဆန္ဒပြခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။