Haqqani ဟာ ပါကစ္စတန် ထောက်လှမ်းရေးရဲ့ လက်တံတခုလို့ US ပြောပြီ

  • 23 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး Mike Mullen

အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ Haqqani အဖွဲ့ဟာ ပါကစ္စတန် ထောက်လှမ်းရေးရဲ့ လက်ရုံး တဆူ ဖြစ်တယ်လို့ အမေရိကန် ထိပ်တန်း စစ်တပ် အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန်က ပြောကြား လိုက်ပါတယ်။

ဟာကာနီ အဖွဲ့ဟာ ပါကစ္စတန် ထောက်လှမ်းရေး အဖွဲ့ အိုင်အက်စ်အိုင်ရဲ့ လက်တံတခု ဖြစ်ပြီး အိုင်အက်စ်အိုင်ရဲ့ ပံ့ပိုးမှုနဲ့ ဒီအဖွဲ့ဟာ ထရပ်ကား ဗုံးဖောက်ခွဲမှုကို လုပ်ခဲ့သလို အမေရိကန် သံရုံး ကို တိုက်ခိုက် ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး မိုက်ခ်မူလန်က ဆိုပါတယ်။

ဇွန်လ ၂၈ ရက်နေ့တုန်းက ကာဘူးမြို့မှာရှိတဲ့ Intercontinental ဟိုတယ်ကို တိုက်ခဲ့တာ အပါအဝင် တခြား ဒီထက်သေးပေမယ့် ထိရောက်မှု ရှိတဲ့ တိုက်ခိုက်မှုတွေ အများကြီး လုပ်ခဲ့တာကို ယုံကြည်လောက်တဲ့ ထောက်လှမ်းရေး သတင်းတွေ ရထား ပါတယ်လို့ မိုက်ခ်မူလန်ကပြောပါတယ်။

ပါကစ္စတန်နိုင်ငံ အပေါ် အကူညီပေးမှုတွေမှာ အစ္စလာမ်ဝါဒီ အကြမ်းဖက်သမား တွေကို ဘယ်လောက် တိုက်ဖျက်သလဲ ဆိုတာ အပေါ် အခြေခံဖို့ ဆီးနိတ် လွှတ်တော်က စောစောပိုင်းမှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အစ္စလာမ် ဝါဒီ အကြမ်းဖက် သမားတွေကို နှိမ်နင်းမှု အပေါ်အခြေခံပြီး အမေရိကန် ဗိုလ်ချုပ်ကြီးရဲ့ စွပ်စွဲ ပြောကြားချက်ကို လန်ဒန်က ပါကစ္စတန် အဆင့်မြင့် သံအရာရှိကြီးက ပယ်ချလိုက်ပြီး အာဖဂန်နစ္စတန်က အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ ပါကစ္စတန်က အကြီးအကျယ် အနစ်နာခံ ထားရတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။