ကုလ အဖွဲ့ဝင် ဖြစ်ဖို့ ပါလက်စတိုင်း လျှောက်

  • 24 စက်တင်ဘာ 2011
Palestine
Image caption ပါလက်စတိုင်းကို ကုလ အဖွဲ့ဝင် အဖြစ် အသိအမှတ် ပြုဖို့ မနေ့က တရားဝင် လျှောက်လွှာတင်

ပါလက်စတိုင်းကို ကုလသမဂ္ဂ အဖွဲ့ဝင် အဖြစ် အသိအမှတ်ပြုဖို့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စက မနေ့က ကုလသမဂ္ဂမှာ တရားဝင် လျှောက်လွှာ တင်ခဲ့ပြီးနောက်မှာ သူ့ကို အထွေထွေ ညီလာခံ တက်လာသူတွေက လက်ခုပ် သြဘာ ပေးခဲ့ပါတယ်။

ပါလက်စတိုင်း ကိစ္စ လုံခြုံရေး ကောင်စီ ရောက်လာရင် ဗီတို သုံးမယ်လို့ အမေရိကန်က ချိမ်းခြောက် ထားပြီး လုံခြုံရေး ကောင်စီက ဒီကိစ္စကို တနင်္လာနေ့မှာ စဉ်းစားမှာ ဖြစ်ပါတယ်။

အစ္စရေးက အနောက်ဘက်ကမ်းမှာ အိမ်တွေ ဆက်ပြီး တိုးချဲ့ တည်ဆောက်နေသလို အစ္စရေးနဲ့ ပါလက်စတိုင်းတွေရဲ့ ငြိမ်းချမ်းရေး စကား ပြောဆိုမှုတွေဟာလည်း ဘာမှာ အရာ မရောက်တဲ့ အတွက် ပါလက်စတိုင်း သမ္မတက သူတို့တွေ ကုလသမဂ္ဂမှာ ခုထက်ပို အဆင့်မြင့်တဲ့ ကဏ္ဍတခု လိုချင်တယ်လို့ ပြောပါတယ်။

ပါလက်စတိုင်းတွေက သူတို့ရဲ့ နိုင်ငံ နယ်နမိတ်ထဲမှာ အရှေ့ ဂျေရုစလင်ကို မြို့တော် အဖြစ် သတ်မှတ်ထားပြီး ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနဲ့ ဂါဇာ ဒေသတို့လည်း ပါပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အရှေ့ အလယ်ပိုင်းက နိုင်ငံအားလုံး အထူးသဖြင့် ပါလက်စတိုင်း ပြည်သူတွေကို ချစ်ကြည်ရေး လက်ကမ်းထားတယ်လို့ ပြောလိုက်ပါတယ်။

တဘက်မှာ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး ရဖို့ ကာယံကံရှင်တွေ တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းရမှာ ဖြစ်ပြီး ကုလသမဂ္ဂရဲ့ ပြဌာန်း ဆုံးဖြတ်ချက်နဲ့ ရမှာ မဟုတ်ဖူးလို့ ပြောပါတယ်။

တဘက်မှာ ပါလက်စတိုင်းတွေ အနေနဲ့ အစ္စရေး နိုင်ငံကို အသိအမှတ် ပြုရလိမ့်မယ်လို့ ပြောပြီး အိမ်ယာ တိုးချဲ့ ဆောက်လုပ်မှုတွေကိုလည်း ကာကွယ် ပြောကြားခဲ့ပါတယ်။

အရှေ့ အလယ်ပိုင်းဆိုင်ရာ လေးပွင့်ဆိုင် စေ့စပ် ညှိနှိုင်းရေး အဖွဲ့က အစ္စရေးနဲ့ ပါလက် စတိုင်းတို့ တိုက်ရိုက် ပြောဆို ဆွေးနွေးမှုတွေကို တလအတွင်း ပြန်စပြီး တနှစ်အတွင်း အပြီး ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။

လေးပွင့်ဆိုင် အဖွဲ့မှာ အမေရိကန်၊ ရုရှ၊ အီးယူနဲ့ ကုလသမဂ္ဂတို့ ပါပါတယ်။