ယူရိုဇုန် အကြပ်အတည်းဖြေရှင်းမယ့် အစီအမံ

  • 26 စက်တင်ဘာ 2011
Euro ဓာတ်ပုံ မူပိုင် no
Image caption ဥရောပမှာ ရှယ်ယာစျေးတွေ ပြန်ဦးမော့

ဥရောပ ယူရိုဇုန်အတွင်း အကြွေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ ရေးဆွဲထားတဲ့ အဓိက အစီအမံ သစ်တရပ် အကြောင်း အသေးစိတ် အချက် အလက်တွေ ထပ်ထွက်လာ ပါတယ်။

ဝါရှင်တန်ဒီစီမြို့မှာ ပြီးခဲ့တဲ့ ရက်က ကျင်းပခဲ့တဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့ နှစ်ပတ်လည် ညီလာခံ တက်ခဲ့သူတွေ ပြောတာ ဖကတော့ ဂရိနိုင်ငံကို ငွေချေးထားကြတဲ့ ဘဏ်တွေ ဘဏ္ဍာရေး အဖွဲ့ အစည်းတွေ အနေနဲ့ သူတို့ချေးထားတဲ့ ငွေတန်ဖိုးဟာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွား မယ်ဆိုတာကို လက်ခံရမယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ဘဏ်တွေကို အကာအကွယ်ပေးဖို့ အစီအမံတွေလည်း ရေးဆွဲခဲ့ပါတယ်။ အီးယူရဲ့ ငွေထုတ်ချေးမယ့် ရံပုံငွေကိုလည်း လေးဆတိုးပြီး ၂ ထရီလီယံ ယူရိုထိ တိုးမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို သတင်း ၅ ပတ်ကနေ ၆ ပတ်အတွင်း အကောင်အထည်ဖော်နိုင်ဖို့ ဥရောပအစိုးရတွေကို မျှော်လင့်နေကြပါတယ်။

ဒါပေမယ့်လည်း ဒီအစီအစဉ်ကို လက်တွေ့ ချပြလုပ်ဆောင်တဲ့အခါမှာ ကြီးမားတဲ့ အခက်အခက်တွေ ကြုံနိုင်သေးတယ်လို့ ဘီဘီစီ စီးပွားရေးသတင်းထောက်က သုံးသပ်ပါတယ်။

ဒီသတင်းကြောင့် ဥရောပက ရှယ်ယာစျေးကွက်မှာလည်း စျေးတွေ ပြန်လည် ဦးမော့လာခဲ့ပါတယ်။

အီတလီမှာ ငါး ရာခိုင်နှုန်း၊ ပြင်သစ်၊ ဂျာမနီ နဲ့ စပိန် စျေးကွက်တွေမှာ သုံး ရာခိုင်နှုန်း လောက်ထိ စျေးတွေ တက်လာခဲ့ပါတယ်။ ရေနံစျေးလည်း တက်လာပြီး ရွေစျေး ကတော့ ကျခဲ့ပါတယ်။