အရှေ့ဂျေရုဆလင်မှာ ဂျူးအိမ်ယာဆောက်ခွင့် အစ္စရေးက အတည်ပြုပြန်ပြီ

  • 28 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဟီလာရီ ကလင်တန် အစ္စရေးကို ဝေဖန်

ပါလက်စတိုင်းတွေ နေထိုင်ရာ အစ္စရေးတွေ သိမ်းထားတဲ့ အရှေ့ဂျေရုဆလင်မှာ ဂျူးတွေအတွက် အိမ်အလုံးပေါင်း တထောင်တရာ ဆောက်လုပ်ဖို့ အတည်ပြု လိုက်တဲ့ အစ္စရေး အာဏာပိုင် တွေရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဝေဖန် ပြောကြားလိုက်ပါတယ်။

ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးပွဲတွေ ပြန်စဖို့ လုပ်နေတာဟာ ဒီဆုံးဖြတ်ချက် ကြောင့် ထိခိုက် သွားစေလိမ့်မယ်လို့ သူမက ဆိုပါတယ်။

အစ္စရေးကော ပါလက်စတိုင်းပါ နှစ်ဖက် စလုံးက ရန်စတဲ့ အပြုအမူတွေ ရှောင်ရှားဖို့ လိုတယ်လို့ မစ္စက် ကလင်တန်က ပြောပါတယ်။

အမေရိကန် ၊ ဥရောပ သမဂ္ဂ ၊ ရုရှားနဲ့ ကုလသမဂ္ဂတို့ ပါဝင်တဲ့ လေးပွင့်ဆိုင် အဖွဲ့လို့ သိကြတဲ့ နိုင်ငံတကာ စေ့စပ် ညှိနှိုင်းရေးမှူးတွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တလအတွင်း ပြန်စဖို့ ပန်ကြားလိုက်ပါတယ်။

ဒါပေမယ့် ဆွေးနွေးပွဲ မစခင် အစ္စရေးဖက်က ဂျူးအခြေချ အိမ်ယာ ဆောက်လုပ်မှုတွေ ရပ်ရမယ်လို့ ပါလက်စတိုင်းဖက် ပြောပါတယ်။