လစ်ဗျားက ဓါတုလက်နက်တွေ ပြည်ပမရောက်ရေး UN ဆွေးနွေး

  • 27 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Getty
Image caption လုံခြုံရေး ကောင်စီမှာ လစ်ဗျား လက်နက်အရေး ဆွေးနွေး

လစ်ဗျားနိုင်ငံက လက်နက်တွေ အကြမ်းဖက် သမားတွေ လက်ထဲ ရောက်မသွားအောင် ကာကွယ်ဖို့ ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ လိုနေပြီလို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြောပါတယ်။

ဓါတုလက်နက်တွေ ၊ မြေပြင်က ဝေဟင်ပစ် ဒုံးပျံတွေနဲ့ တခြား လက်နက်တွေ စိတ်ချ လုံခြုံတဲ့ နေရာမှာ ရှိဖို့ လိုတယ်လို့ ကုလသမဂ္ဂက နိုင်ငံရေး ဆိုင်ရာ အကြီးအကဲ Lynn Pascoe လင်း ပါ့စ်ကို က ပြောကြားလိုက်ပါတယ်။

လစ်ဗျားက အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကဒါဖီ အစိုးရရဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးပျံတွေ အပါအဝင် ဓါတုလက်နက် အတော်များများကို မဖြစ်မနေ ထိန်းသိမ်း ကာကွယ်ရမယ်လို့ ကုလသမဂ္ဂ အရာရှိ မစ္စတာ ပါစကိုက ဆိုပါတယ်။

အဲဒီ လက်နက်တွေ တခြားကို ပြန့်နှံ့သွားနိုင်တဲ့ အခြေအနေ ရှိနေပြီး အကြမ်းဖက် သမားတွေ လက်ထဲကို ရောက်သွားနိုင်တာကြောင့် ဒီကိစ္စဟာ အကြီးအကျယ် အလေးထား ဆောင်ရွက် သင့်တယ်လို့ သူက ပြောပါတယ်။

လစ်ဗျားက လက်နက်တချို့ ပြည်ပကို ရောင်းချမှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေတာ ဖြစ်ပါတယ်။