ထိုင်းတောင်ပိုင်းမှာ အရပ်သားတွေကို ပစ်မှတ်ထား

  • 27 စက်တင်ဘာ 2011
Thailand South
Image caption ထိုင်းတောင်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဖြစ်နေ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မလေးလူမျိုးနွယ် မူဆလင် သူပုန်တွေရဲ့ တိုက်ခိုက်မှု ၆၀ ကျော် အတွင်း လူ ၈၂ ဦးသေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လက်နက်ကိုင် တိုက်ခိုက်မှု နည်းပရိယာယ်တွေ ပြောင်း လာတယ်လို့ Amnesty International လူ့အခွင့်အရေး အဖွဲ့က ဆိုပါတယ်။

ကျောင်းဆရာ ဆရာမတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ လယ်သမားတွေ အစရှိတဲ့ အရပ်သားတွေကို ရှာဖွေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ သူတို့မှာ ရှိတယ်လို့လည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ဖြစ်တဲ့ Amnesty International က ပြောပါတယ်။

အဲဒီထဲက တချို့ကို ထိုင်းနိုင်ငံကို ကိုယ်စားပြုသူတွေ၊ တချို့ကို သစ္စာဖေါက်တွေ အဖြစ် မလေး မူဆလင် သူပုန်တွေက သတ်မှတ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပေမဲ့ တချို့ကိုတော့ ဘယ်သူ ဘယ်ဝါ မရွေးပဲ တိုက်ခိုက်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်တာဟာ ဥပဒေချိုးဖေါက်တဲ့ သတ်ဖြတ် တိုက်ခိုက်မှုတွေ ဖြစ်တယ်ဆိုပြီး ဒီလုပ်ရပ်တွေကို လူသိရှင်ကြား ရပ်တန့် ပေးဖို့ Amnesty က တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ညှင်းပန်းနှိပ်စက်မှုတွေ အပါအဝင် ဆိုးဝါးတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ သူတို့ စွပ်စွဲထားတဲ့ ထိုင်းအာဏာပိုင်တွေ အထူးသဖြင့် လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း အဲဒီအစီရင်ခံစာထဲမှာ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။

အခြေအနေတွေကို ပိုဆိုးဝါး ရှုပ်ထွေးစေတာက ဒီမလေးမူဆလင် သူပုန်တွေဟာ သူတို့ ရည်မှန်းချက်က ဘာလဲဆိုတာ အသေအချာ မသိရတဲ့ လျှို့ဝှက် ကွန်ယက်အဖွဲ့ တခုအနေနဲ့ စစ်ဆင် လှုပ်ရှားနေတာကြောင့် ဖြစ်ပါတယ်။

ထိုင်းအစိုးရ အဆက်ဆက်ကလည်း ဒီပြဿနာဟာ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့ နိုင်ငံရေး ပြဿနာလို့ မမှတ်ယူပဲ ဥပဒေချိုးဖေါက် ပုန်ကန်မှုတခု အဖြစ်သာ ယူဆနေတာ တွေ့ရပါတယ်။

ဒါ့ကြောင့် လက်ရှိ ထိုင်းအစိုးရ အနေနဲ့ဒီပြဿနာကို လုံခြုံရေးပြဿနာမျိုးအဖြစ် အမြင်ကျဉ်းကျဉ်းနဲ့ စိုးရိမ်နေမဲ့အစား လူနည်းစု မလေး မူဆလင်တွေရဲ့ မကျေနပ်မှုတွေကို ဖေါ်ထုတ် ဖြေရှင်းနိုင်အောင် ပိုအားစိုက် လုပ်ဆောင်သင့်တယ်လို့ Amnesty က တိုက်တွန်း နေတာ ဖြစ်ပါတယ်။

မလေးလူမျိုးနွယ် မူဆလင်တွေ ကြီးစိုးရာ ထိုင်းတောင်ပိုင်းမှာ ထိုင်းဗုဒ္ဓဘာသာဝင်တွေကို ဆန့်ကျင်တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၇ နှစ် လောက် ကတည်းက စပြီး လူပေါင်း ၄၅၀၀ လောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။