အီဂျစ် အရေးပေါ် အခြေအနေ ရုပ်ဖို့ ကန် တောင်းဆို

  • 29 စက်တင်ဘာ 2011
Clinton ဓာတ်ပုံ မူပိုင် AP
Image caption အီဂျစ်မှာ အရေးပေါ် အခြေအနေ ရုပ်သိမ်းဖို့ ကလင်တန် တိုက်တွန်း

အီဂျစ်မှာ မူဘာရက် လက်ထက် ကတည်းက ထုတ်ထားပြီး လက်ရှိ ယာယီ အစိုးရက သက်တမ်း ထပ်တိုးခဲ့တဲ့ အရေးပေါ် ဥပဒေတွေ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တိုက်တွန်း လိုက်ပါတယ်။

မစ္စ ကလင်တန်ရဲ့ တိုက်တွန်းချက်ဟာ အီဂျစ်က ဒီမိုကရေစီ အသွင် ကူးပြောင်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်တွေ စိုးရိမ်နေတာကို ပြတဲ့ လက္ခဏာ ဖြစ်ပါတယ်။

လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ဒီအရေးပေါ် အခြေအနေ တွေကို မရုပ်သိမ်း မဖြစ် ရုပ်သိမ်း ပေးရလိမ့်မယ်လို့ ကလင်တန်က ပြောပါတယ်။

အီဂျစ်မှာ ဒီနှစ် မကုန်ခင် လွှတ်တော် ရွေးကောက်ပွဲတွေ ခေါ်ဖို့ စီစဉ်ထားပါတယ်။

တကယ်တော့ ဒီ အငြင်းပွားဖွယ် ဖြစ်နေတဲ့ အရေးပေါ် ဥပဒေတွေကို ၁၉၈၁ ခုနှစ် ကတည်းက ထုတ်ပြန်ထားတာ ဖြစ်ပြီး ဒီဥပဒေအောက်မှာ ရဲတွေကို လုပ်ပိုင်ခွင့်တွေ ပိုပေးထားသလို နိုင်ငံရေး ပါတီတွေနဲ့ ချီတက် ဆန္ဒ ပြမှုတွေကို ပိတ်ပင် ထားသလို အရပ်သားတွေကိုလည်း စစ်ခုံရုံးတွေမှာ စစ်ဆေး အရေးယူ နိုင်ပါတယ်။

အီဂျစ်မှာ လောလောဆယ် အုပ်ချုပ်ရေး အာဏာ ယူထားတဲ့ ကြည်း၊ ရေ၊ လေ တပ်တွေရဲ့ ကောင်စီကတော့ ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အချိန်မှာ ခု အရေးပေါ် ဥပဒေတွေ မရှိစေရဘူးလို့ ကတိ ပေးထားပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတွေကို တွေ့ဆုံ ဆွေးနွေးမှု ပြန်လုပ်လာအောင် အမေရိကန်၊ အီးယူ၊ ရုရှနဲ့ ကုလသမဂ္ဂ လေးပွင့်ဆိုင် အဖွဲ့တို့က ဖိအား ပေးနေရာမှာ အီဂျစ်ကလည်း တတ်နိုင်သမျှ ကူညီဖို့ မစ္စ ကလင်တန်က အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် အာမီယာကို တိုက်တွန်း ခဲ့ပါတယ်။

အင်္ဂါနေ့ကတော့ အရှေ့ ဂျေရုစလင်မှာ အစ္စရေး အစိုးရက အိမ်သစ်တွေ ဆက်ဆောက်ဖို့ ဆုံးဖြတ်ခဲ့မှုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဝေဖန် ခဲ့ပါတယ်။

အစ္စရေး လုပ်ဆောင်မှုတွေဟာ အစ္စရေး ပါလက်စတိုင်း တွေ့ဆုံ ဆွေးနွေးမှု ပြန်စဖို့ အကျိုး ယုတ်စေလိမ့်မယ်လို့ ဟီလာရီ ကလင်တန်က ပြောပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတွေ နယ်နမိတ်မျဉ်း သတ်မှတ်ပြီးတဲ့ အခါ အိမ်ဆောက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ရှိမှာ မဟုတ်တော့ဘူးလို့ သူက ပြောပါတယ်။

အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးကလည်း အစ္စရေးရဲ့ အိမ်တွေ ဆက်ဆောက်ဖို့ ဆုံးဖြတ်ချက်ဟာ ငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။