အိုင်ဗရီကို့စ်တ်မှာ စေ့စပ်ညှိနှိုင်းရေး ကော်မရှင်ဖွဲ့မည်

  • 28 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီနှစ်အစောပိုင်း အကြမ်းဖက်မှုတွေကြောင့် လူပေါင်း သုံးထောင်ထက်မနည်း သေဆုံးခဲ့ရ

အိုင်ဗရီကို့စ်တ် နိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ စေ့စပ်ညှိနှိုင်းမှုကော်မရှင်ကို ဗုဒ္ဓဟူးနေ့မှာ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဒီနှစ် အစောပိုင်း ရွေးကောက်ပွဲပြီးနောက် လူပေါင်း သုံးထောင်လောက် သေဆုံးခဲ့ရတဲ့ လူမျိုးရေးနဲ့ ဘာသားရေး အကြမ်းဖက် ပဋိပက္ခတွေ အဆုံးသတ်သွားရအောင်၊ ကုစားဖို့အတွက် ရည်ရွယ်ပြီး ဒီကော်မရှင်ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ကော်မရှင်ကို ဝန်ကြီးချုပ်ဟောင်း ချားလ်စ် ကိုနန်ဘန်နီက ဦးဆောင်မှာ ဖြစ်ပြီး၊ အဲဒီထဲမှာ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တွေ၊ ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ကမ္ဘာကျော် ချယ်ဆီးအသင်းက ဘောလုံးသမား ဒရောဘာ လည်းပါဝင်ကြမှာပါ။

ပထမအနေနဲ့ ကော်မရှင်ဟာ အကြမ်းဖက်ခံရသူတွေရဲ့ ပြောဆိုချက်တွေကို ကြားနားမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အဲဒီသူတွေဟာ အကြမ်းဖက် ရက်စက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံရသူတွေနဲ့ အများပြည်သူရှေ့မှာ ဆွေးနွေးပွဲတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကို ဝန်ခံဖို့ ငြင်းဆိုခဲ့သူ၊ ရာထူးကနေ ပြုတ်ကျ သွားခဲ့ပြီ ဖြစ်တဲ့ သမ္မတဟောင်း လောရန့် ဘက်ဘိုဟာ အကြမ်းဖက်မှုတွေ ဖြစ်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ အခုတော့ သူဟာ တခြား လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အတူ တရားရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

လက်ရှိသမ္မတ အလက်ဇန်း ဝါတာရာရဲ့ လူတွေကိုတော့ တယောက်မှ ဖမ်းဆီးတာ မရှိဘူး ဆိုပြီး ကော်မရှင်ကို ဝေဖန်သူတွေက ထောက်ပြကြပါတယ်။