အကြမ်းဖက် တိုက်ခိုက်မယ့် အစီအစဉ် အမေရိကန် ဖော်ထုတ်

  • 28 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အဝေးထိန်း စံနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်မယ့် လေယာဉ်

အမေရိကန် ပြည်ထောင်စုက ပင်တာဂွန် စစ်ဌာနချုပ်နဲ့ အစိုးရ ရုံးထိုင်တဲ့ ဝါရှင်တန် မြို့က Capitol လွှတ်တော် အဆောက်အဦ တွေကို ၊ ဖောက်ခွဲရေး ပစ္စည်း အပြည့်တင်ထားတဲ့ အဝေးထိန်း လေယာဉ် တစင်းနဲ့ တိုက်ခိုက်ဖို့ ကြံစည်ခဲ့မှု တခုကို ဖော်ထုတ် နိုင်ခဲ့တယ်လို့ တရားရေး ဌာနက ပြောပါတယ်။

အယ်ကိုင်းဒါး အဖွဲ့ဝင်အဖြစ် အယောင်ဆောင် ထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး တွေက အဲဒီ ဖောက်ခွဲမှု လုပ်ဖို့ မသင်္ကာသူ Rezwan Ferdaus ရစ်ဇ်ဝမ် ဖာဒက်စ် ကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ရှေ့နေချုပ် တယောက်က ပြောပါတယ်။

အမေရိကန် နိုင်ငံသား တယောက်ဖြစ်တဲ့ Mr Ferdaus မစ္စတာ ဖာဒက်စ်ဟာ အထူး တီထွင် ပြုပြင် ထားတဲ့ မိုဘိုင်း တယ်လီဖုန်းတွေကိုလည်း ထောက်လှမ်းရေး အရာရှိတွေကို ရောင်းချခဲ့ပြီး ပြည်ပရောက် အမေရိကန် တပ်ဖွဲ့တွေကို တိုက်ခိုက် ရာမှာ အဲဒီ မိုဘိုင်းဖုန်း တွေ အသုံးပြု ခဲ့တယ်လို့ ယူဆရကြောင်း အာဏာပိုင်တွေက စွပ်စွဲ ပြောကြား ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆော်ဒီက Riyadh မြို့ရဲ့ မြင်ကွင်း

တချိန်တည်းမှာ ဆော်ဒီ အာရေဗျ က Riyadh ရီရက်ဒ်မြို့တော်မှာ အနောက် နိုင်ငံသားတွေကို ပြန်ပေးဆွဲဖို့ အကြမ်းဖက်သမားတွေက စီစဉ်ကောင်း စီစဉ်နိုင်တယ်လို့ အမေရိကန် ပြည်ထောင်စုက အရေးပေါ် သတိပေး ထားပါတယ်။

အမေရိကန် နိုင်ငံသားတွေ အနေနဲ့ ခရီးသွားတဲ့ အခါ ရီရက်ဒ်မြို့ ကနေ လမ်းရိုး လမ်းစဉ်အတိုင်း မသွားဘဲ လမ်းကြောင်းလွှဲ သွားကြပါ ၊ တက်နိုင်သလောက် လူကြားသူကြား သိတ်မသွား ကြပါနဲ့လို့ လည်း အကြံပေးထားပေမယ့် ဆော်ဒီ နိုင်ငံထဲကနေ ထွက်သွားဖို့တော့ မပြောထားပါဘူး။

ရီရက်ဒ်မြို့က အမေရိကန် သံရုံးကတော့ ပုံမှန်အတိုင်း ဆက်ဖွင့်သွားလိမ့်မယ်လို့ ယူဆရပါတယ်။

ဒီသတိပေးချက်ဟာ ယုံကြည် စိတ်ချရ်ပြီး အတိအကျ ထောက်လှမ်းလို့ ရတဲ့ အချက်အလက် တွေပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် တော်တော် ရှိနိုင်တယ်လို့ သတိပေးထားတဲ့ ဆော်ဒီ အာရေဗျကို ခရီးသွားလာဖို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ကတော့ ဘာမှ အပြောင်းအလဲ မထုတ်ပြန်ခဲ့ပါဘူး။