ဂျာမဏီ က ယူရို ငွေ ကယ်ဖို့ အကြွေးတွေ လျော်မယ်

  • 29 စက်တင်ဘာ 2011
Merkel ဓာတ်ပုံ မူပိုင် AFP
Image caption မဲခွဲ ပြီးချိန် ဂျာမဏီ ပါလီမန် အတွင်း မှာ

ယူရို ငွေကြေးဇုံ အတွင်း နိုင်ငံ တွေ ထဲ က ကြွေးမြီ ပြသနာ တက်နေတဲ့ နိုင်ငံ တွေကို ကူတဲ့ အနေနဲ့ ကြွေးတွေ လျော်ပစ်မယ် ဆိုတဲ့ အဆို ကို ဂျာမဏီ ပါလီမန် အတွင်း မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ကြွေးတွေ လျော်ပစ်မယ် ဆိုတဲ့ ဖက် က အများအပြား အသာ နဲ့ အနိုင်ရ သွား ပါတယ်။

ကြွေးထူပြီး ပြန်ဆပ်ဖို့ ခက်ခဲ နေကြတဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တွေ ကို ကူညီဖို့ အရေး ကြွေးလျော်ဖို့ ရံပုံငွေ ထူထောင်ရေး ကို ဂျာမဏီ ပါလီမန် က သဘောတူ လိုက် တာပါ။

ဝန်ကြီးချုပ် အန်ဂယ်လာ မာကဲလ် ရဲ့ ဗဟို လက်ယာ ပါတီ အကြား သဘောထား ကွဲ မှု ကို ပြသ ခဲ့တဲ့ အခု မဲခွဲ ပွဲ မှာ အန်ဂယ်လာ မာကဲလ် ရဲ့ အဆို ကို အမတ် အများစု က ထောက်ခံ ခဲ့ တာကို ပြသ ခဲ့တယ် လို့ ဘာလင် က ဘီဘီစီ သတင်းထောက် တဦး က ပြော ပါတယ်။

အခု မဲခွဲခဲ့ ရတဲ့ပွဲဟာ ဝန်ကြီးချုပ် မာကဲလ် အတွက် သိပ်လွယ်လှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ တကယ့် စိမ်ခေါ်ပွဲကြီးပါ။

အခု ၅၂၃ မဲ က ထောက်ခံမဲ ဖြစ်ပြီး ၈၅ မဲ က သာ ကန့်ကွက်မဲ တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို အနိုင်ရ သွားတာဟာ သူ့ရဲ့ အဓိက အတိုက်အခံတွေ ဖြစ်ကြတဲ့ ဆိုရှယ် ဒီမို ကရက် နဲ့ အစိမ်းရောင် ပါတီ တို့က ထောက်ခံမဲ ပေးခဲ့ကြ လို့ပါ။

ကန့်ကွက် မဲက သိပ်မများလှဘူး ဆိုပေမဲ့ အဲဒီ ကန့်ကွက်မဲတွေ ဟာ ဝန်ကြီးချုပ် ပါတီ ထဲက မဲတွေ ဖြစ်နေ ပါတယ်။

ဆိုရှယ် ဒီမိုကရက်တစ် ပါတီအနေနဲ့ ပြည်ထောင်စု အစိုးရ ရဲ့ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်စရာ တွေ အများအပြား ရှိခဲ့ သော်ငြားလည်း အခု မဲခွဲရာမှာ ကျွန်တော် တို့ ထောက်ခံ မဲ ပေးလိုက် ပါတယ် လို့ ပြော ပါတယ်။

ဒါပေမဲ့ သူတို့ အတိုက်အခံတွေထဲက အမတ်တယောက် က ဒီတခါ ကတော့ ဥရောပ အတွက် သိပ်အရေးကြီး လို့ ထောက်ခံလိုက်တယ်၊ နောက်တခါတော့ သူတို့ကို အားမကိုး လေနဲ့ လို့ ရှင်းရှင်း ပြတ်ပြတ် သတိပေး လိုက်ပါတယ်။

ဒီတော့ နောက်နောင် ယူရိုဇုံ အတွက် ဆက်လက် ကြုံတွေ့ရမယ့် အခက်အခဲတွေကို ရင်ဆိုင် ရတဲ့ အခါ ဝန်ကြီးချုပ် မာကဲလ် အတွက် အခက်တွေ့ နိုင်တယ်လို့ ဘီဘီစီ သတင်းထောက် တွေ က သုံးသပ် ကြပါတယ်။

အခုလို သဘောတူညီ ချက်မျိုး ယူရို ဇုံ တွင်း က တခြား မြီရှင် နိုင်ငံ တွေ ကလည်း သဘောတူ ဖို့ လိုအပ် နေသေးပြီး အားလုံး သဘောတူမှ လိုအပ် နေတဲ့ ရန်ပုံငွေ အကြီး အမား ကို ဖြည့်ဆည်း နိုင်မှာ ဖြစ်တယ် လို့ သိရ ပါတယ်။