သံအမတ် တိုက်ခိုက်ခံရလို့ အမေရိကန် အပြင်းအထန် ရှုတ်ချ

  • 30 စက်တင်ဘာ 2011
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်

ဆီးရီးယား နိုင်ငံမှာ အမေရိကန် သံအမတ်ကို ခရမ်းချဉ်သီးတွေ ကျောက်တုံး တွေနဲ့ ပစ်ပေါက် တိုက်ခိုက် ခဲ့တဲ့ အတွက် ဒါကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ရှုတ်ချ လိုက်ပါတယ်။

နိုင်ငံခြား သံတမန်တွေကို အကြမ်းဖက်ပြီး ခြိမ်းခြောက်တာဟာ လုံးဝ တရားမျှတမှု မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ မစ္စက် ကလင်တန်က ဆိုပါတယ်။

ဒီမလိုလားအပ်တဲ့ တိုက်ခိုက်မှုအတွက် ကျွန်မတို့ အပြင်းထန်ဆုံး ရှုတ်ချပြီး သံအမတ်ကြီး ဖို့ဒ်နဲ့ သူ့လက်ထောက်တွေဟာ သံရုံးရဲ့ပုံမှန် လုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ခဲ့ တာပါ၊ အခုလို ခြိမ်းခြောက်ဖို့ ကြိုးစားတာဟာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်လို့ ပြောသွားတာပါ။

ဆီးရီးယားက ထိပ်တန်း အတိုက်အခံ ခေါင်းဆောင်တဦးနဲ့ ဆွေးနွေးဖို့ အမေရိကန် သံအမတ် ရောဘတ် ဖို့ဒ်နဲ့ တခြား သံအရာရှိတွေ ရောက်လာချိန်မှာ အစိုးရ ဘက်တော်သား ဆန္ဒပြ သူလူတစုက တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ ဒမားစကတ်မြို့မှာ ပြီးခဲ့တဲ့ ဇန္နဝါရီလ ကမှ စတင် တာဝန်ချ ထားခဲ့တဲ့ သံအမတ်ကြီးကို ပြန်ခေါ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ပြောပါတယ်။