အာဖဂန်မှာ ဟာခနီတပ်မှူးကို ဖမ်းဆီးမိ

  • 1 အောက်တိုဘာ 2011
Image caption ဟာခနီအဖွဲ့က နောက်ထပ် ခေါင်းဆောင်တွေ ထဲမှာ ဆီရာ လည်း ပါဝင်ပါတယ်

အာဖဂန်နစ္စတန်မှာ နေတိုးဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့ကနေ ဟာခနီ ကွန်ယက် အဖွဲ့ ထိပ်တန်း တပ်မှူးတဦး ဖြစ်သူ ဟာဂျီ မာလီခန်းကို ဖမ်းဆီးမိလိုက်ပြီလို့ ပြောပါ တယ်။

ဟာခနီ အဖွဲ့ဟာ အာဖဂန်မှာ တိုက်ခိုက်မှု များစွာကို လုပ်ဆောင်နေတဲ့ အဖွဲ့ ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုနေကြတာပါ။

မစ္စတာခန်းကို ဖမ်းဆီးချိန်မှာ သူ့ဟာ လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားပေမယ့် ပြန်ပြီး ခုခံတိုက်ခိုက်တာ မျိုးမလုပ်ခဲ့ဘဲ၊ သူနဲ့အတူ တခြား စစ်သွေးကြွတွေလည်း အဖမ်းခံ ခဲ့တယ်လို့ နိုင်ငံတကာတပ်ဖွဲ့က ပြောပါတယ်။

အခုလို သူ့ကို ဖမ်းဆီးနိုင်မှုဟာ ဟာခနီကွန်ယက်ကို ချေမှုန်းရေးအတွက် အရေးပါတဲ့ မှတ်တိုင်တခု ဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ကာဘူးမြို့ အမေရိကန်သံရုံး တိုက်ခိုက်ခဲ့မှုကို ဟာခနီအဖွဲ့က သူတို့ လုပ်ဆောင်တာလို့ ပြောဆိုထားပါတယ်။

ဟာခနီ ကွန်ယက်မှာ တာလီဘန် အဖွဲ့ခွဲတွေ အများဆုံးပါဝင်ပြီး၊ သူတို့ကတော့ မစ္စတာ မာလီခန်း အဖမ်းခံရတာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။