ရပ်ဘာနီ လုပ်ကြံခဲ့သူတွေ ပါကစ္စတန်က ဖြစ်

  • 3 အောက်တိုဘာ 2011
rabbani ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတဟောင်း ရပ်ဘာနီ ကို ထောက်ခံသူများ

အာဖဂန် နစ္စတန် အစိုးရက အရင် သမ္မတ ဟောင်း ဘာဟန်နူဒင် ရပ်ဘာနီ ကို လုပ်ကြံ ခဲ့ကြသူ တွေဟာ ပါကစ္စတန် နိုင်ငံ သားတွေ ဖြစ်ကြ ပြီး၊ လုပ်ကြံဖို့ ကြံစည် ကြရာမှာလဲ ပါကစ္စတန်ပြည်တွင်း မှာပဲ စီစဉ် ခဲ့ကြတယ် လို့ ကြေငြာလိုက် ပါတယ်။

မစ္စတာ ရပ်ဘာနီ ဟာ အာဖဂန် အစိုးရနဲ့ တာလီ ဘန် သူပုန်တွေ အကြား စေ့စပ် နိုင်ရေး အတွက် ကြိုးပမ်း နေခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ သတင်း ၂ ပတ်လောက်က အသေခံ ဗုံးသမား က လုပ်ကြံ တာကို ခံခဲ့ရ တာ ဖြစ်ပါတယ်။

အခုကြေငြာချက် နဲ့ပတ်သက်လို့ အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်းရဲ့ ပြောခွင့်ရသူ ဆာမက် ဟီရာဝီက ပြောကြားရာမှာ တော့ အာဖဂန် အစိုးရ ရဲ့ ထုတ်ပြန်ချက် ဟာဖြင့် ခံစား မှုတွေ ကို အခြေခံ ထားတာ မဟုတ်ဘဲ သက်သေ အထောက် အထား တွေကို အခြေခံ ထား တာ ဖြစ်ကြောင်း၊ နှစ် အတော် ကြာနေပြီ ဖြစ်တဲ့ ပါကစ္စတန် နဲ့ နယ်စပ် တလျှောက် မှာ ဖြစ်နေတဲ့ အကြမ်းဖက်အဖွဲ့ တွေကြောင့် ကြုံတွေ့ ခဲ့ရတဲ့ အသေခံ တိုက်ခိုက် မှုတွေ၊ တခြား တိုက်ခိုက် သတ်ဖြတ် မှုတွေ ကြောင့် ဆုံးရှုံး နစ်နာ ခဲ့ရ တာတွေကို အခြေခံ ထား တာ ဖြစ်ကြောင်း တွေ ကို ပြောကြား သွား ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အာဖဂန် အစိုးရက ဒီ လုပ်ကြံမှုမှာ ပါဝင် ခဲ့သူတွေ ၊ ကြံရာပါ တွေ အားလုံးနဲ့ ပတ်သက်တဲ့ အချက် အလက်တွေ အားလုံးကို လဲ အစ္စလာမ် မာဘတ်ဒ်က အာဏာပိုင် တွေကို ပေးခဲ့ ပြီး ဖြစ်တယ်လို့ လဲ ဆိုပါတယ်။ ပါကစ္စတန် အစိုးရ ကတော့ ဒီ လုပ်ကြံမှု နဲ့ ပတ်သက်လို့ ဘာမှ ပါဝင် ပတ်သက်မှု မရှိ ဘူးလို့ ငြင်းဆန် ထားပါတယ်။ ပါကစ္စတန် နဲ့ အာဖဂန် နစ္စတန် ၂ နိုင်ငံ အကြားမှာ ဆက်ဆံရေး တွေ သိပ်ပြီး မကောင်း လှချိန်မှာ ဒီလုပ်ကြံမှုကြောင့် အခြေအနေတွေ ပိုမို ပြီး ဆိုးရွားသွားစေ ခဲ့ပါတယ်။