ဆီးရီးယား ပြဌာန်း ဆုံးဖြတ်ချက် ဗီတိုထိ

  • 4 အောက်တိုဘာ 2011
protests ဓာတ်ပုံ မူပိုင် bbc
Image caption ဆီးရီးယားက အစိုးရ ဆန္ဒပြပွဲ

ဆီးရီးယားမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် ဆီးရီးယား အစိုးရကို လုံခြုံရေး ကောင်စီ က အရေးယူမယ့် ပြဌာန်း ဆုံးဖြတ် ချက်ကို ရုရှနဲ့ တရုတ်တို့က ဗီတို သုံးခဲ့ပါတယ်။

ဒီပြဌာန်း ဆုံးဖြတ်ချက်ကို ဥရောပ နိုင်ငံတွေက ရေးဆွဲ တင်ပြလာတာ ဖြစ်ပြီး ဗီတို မထိအောင် အလျှာ့ပေးထားတဲ့ ကြားက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

မူလက ဆီးရီးယားကို ဒစ်ခတ် ပိတ်ဆို့ဖို့ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ဒီစကားလုံး အစား ချိန်ရွယ်ထားတဲ့ အစီအမံများဆိုတဲ့ စကားကို ပြောင်းသုံးခဲ့သလို မဲခွဲမှုကိုလည်း ရက်ရွှေ့ ခဲ့ပါတယ်

လုံခြုံရေး ကောင်စီ အနေနဲ့ ဆီးရီးယား အစိုးရကို ပြင်းပြင်းထန်ထန် သတိပေးလိမ့်မယ်လို့ အမေရိကန်က မျှော်လင့်နေသလို ဂျာမနီကလည်း ဆီးရီးယား နိုင်ငံက လမ်းတွေပေါ်က ဆန္ဒပြ ပြည်သူတွေနဲ့ စည်းလုံးမှုကို ပြရမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ရုသျှကတော့ ဆီးရီးယားကို ပြည်ပက စစ်ရေးအရ ဝင်ရောက် စွက်ဖက်တာကို ဆန့်ကျင်တာ မပါသလို ပြည်တွင်းရေး ကိစ္စတွေမှာ ဝင်မစွက်ရေးကို လေးစား လိုက်နာမှု ပြမထားဘူးလို့ အကြောင်းပြခဲ့ပါတယ်။

ဒီအတော အတွင်းမှာဘဲ ဆီးရီးယား နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် လွန်ခဲ့တဲ့ ကိုးလက စတာဝန်ယူနေတဲ့ ရောဘတ်ဖို့ဒ်ရဲ့ သံအမတ် ခန့်အပ်လွှာကို အမေရိကန် ကွန်ဂရက် လွှတ်တော်က ခုနောက်ဆုံး အတည်ပြုပေးလိုက်ပါပြီ။

ရောဘတ်ဖို့ဒ်ကို အမေရိကန် သံအမတ်အဖြစ် ဇန်နဝါရီလတုန်းက သမ္မတ အိုဘားမားက ခန့်အပ်ခဲ့တာ ဖြစ်ပြီး သူဟာ ငါးနှစ်ကျော် ကာလအတွင်းမှာ ဆီးရီးယား နိုင်ငံဆိုင်ရာ ပထမဆုံး အမေရိကန် သံအမတ် ဖြစ်ပါတယ်။

ရီပတ်ဗလစ်ကန်တွေက ဒီခန့်အပ်မှုဟာ ဆီးရီးယား အစိုးရအတွက် သံတမန်ရေးအရ အမြတ် ထွက်သွား နိုင်တယ်လို့ အကြောင်းပြပြီး အစက ဒီခန့်အပ်မှုကို ကန့်ကွက်ခဲ့ပါတယ်။

ဒါပေမယ့် ရောဘတ်ဖို့ဒ်ဟာ သံအမတ် အဖြစ်နဲ့ အစိုးရ ဆန့်ကျင်ရေး အုံကြွမှု ဖြစ်ပွားရာ နေရာတွေကို လိုက်ကြည့်သလို အတိုက်အခံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံတာတွေ လုပ်တဲ့ အတွက် ဆီးရီးယား အစိုးရက ဒေါသထွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဆိုရင် ဆီးရီးယား သမ္မတကို ထောက်ခံသူတွေက သူ့ကို လမ်းမှာ ကြက်ဥပုတ် တွေနဲ့ ပစ်ပေါက် ဆန္ဒပြခဲ့ပါတယ်။