ယူရိုဇုံ ကြွေးမြီ ပြဿနာ အမြန် ဖြေရှင်းဖို့ အိုဘားမား တိုက်တွန်း

  • 7 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် သမ္မတ အိုဘားမား

ယူရို ငွေကြေးသုံး နိုင်ငံတွေရဲ့ ကြွေးမြှီ ပြဿနာဟာ ပြန်နာလန်ထူဖို့ နှေးကွေး နေတဲ့ အမေရိကန်ရဲ့ စီးပွားရေး အပေါ် ခြိမ်းခြောက်နေတယ်လို့ သမ္မတအိုဘားမားက ဆိုလိုက်ရင်း ယူရိုဇုံ ထဲက ခေါင်းဆောင်တွေ အနေနဲ့ ဒီပြဿနာကို အမြန် ဖြေရှင်းကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ဥရောပ စီးပွားရေး အခြေအနေ မရေရာမှု ဖြစ်နေတာဟာ လက်ရှိ အမေရိကန် ရင်ဆိုင်နေရတဲ့ စီးပွားရေးကို ပိုအခက်အခဲ ဖြစ်စေတဲ့ အကြီးမားဆုံး ပြဿနာဘဲလို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

မရေမရာမှုတွေ ဖြစ်နေတဲ့ ဂရိနိုင်ငံနဲ့ သူ့ရဲ့ကြွေးမြှီ ပြန်ဆပ်ဖို့ အခက်အခဲတွေ ၊ အိုင်ယာလန်နဲ့ ပေါ်တူဂီ အပါအဝင် ဥရောပ တောင်ပိုင်းက နိုင်ငံ အများအပြား ရင်ဆိုင်နေရတဲ့ ကြွေးမြီ အကြပ်အတည်း တွေ ဒါတွေ အားလုံးပေါင်းလိုက်ရင် ကမ္ဘာ ဘဏ္ဍာရေး စနစ် တခုလုံး အတွက် အလွန်အမင်း စိုးရိမ်စရာ ဖြစ်စေ တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

သူဟာ ပြင်သစ်၊ ဂျာမန် ခေါင်းဆောင်တွေနဲ့ မကြာခဏ စကားပြောခဲ့ပြီး လက်ရှိ ဖြစ်နေတဲ့ အရေးပေါ် အခြေအနေကို အဲဒီနိုင်ငံတွေရော သူတို့ရဲ့ ဥရောပ လုပ်ဖော်ကိုင်ဖက် နိုင်ငံ ခေါင်းဆောင် တွေကပါ နားလည်မှု ရှိတယ်လို့ ယူဆကြောင်း သမ္မတ အိုဘားမားက ဆိုပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ လာမယ့်လ အတွင်း ခိုင်မာ ပြတ်သားတဲ့ အစီအစဉ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ အထူး မျှော်လင့်ကြောင်း သူက ပြောပါတယ်။

Image caption ၁၉၃ဝ နောက်ပိုင်း အဆိုးရွားဆုံး အကြပ်အတည်းလို့ Mervyn King ပြောပြီ

ဥရောပမှာ ခြိမ်းခြောက်ခံ နေရတဲ့ ကြွေးမြှီ ပြဿနာကို ဖြေရှင်းပြီး စီးပွားရေး ပြန်လည် ဦးမော့ လာစေဖို့ ရည်ရွယ်တဲ့ အစီအစဉ်သစ်တွေကို ချမှတ် ကြေညာခဲ့ပါတယ်။

ငွေချေးငှား လည်ပတ်မှု ရပ်တန့်သွားမယ့် အန္တရယ်ကို တွန်းလှန် နိုင်ဖို့ ဘဏ်တွေကို တနှစ်လောက်ကြာအောင် အကန့်အသတ် မရှိ ငွေချေးယူ နိုင်မယ့် အစီအစဉ်ကို ဥရောပ ဗဟိုဘဏ်က ကမ်းလှမ်း ခဲ့ပါတယ်။

ဗြိတိန်မှာလည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေဖို့ နောက်ထပ် အမေရိကန် ဒေါ်လာ ဘီလီယံ တရာ့ခြောက်ဆယ် ထပ်မံ ပံ့ပိုးပြီး ငွေကြေးစံနစ် သွက်သွက်လက်လက် စီးဆင်းမှု ရှိလာအောင် လုပ်မယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

ဗြိတိန်မှာ ၁၉၃ဝ နောက်ပိုင်း အဆိုးရွားဆုံး ဘဏ္ဍာရေး အကြပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ဗဟိုဘဏ် ဥက္ကဌ Mervyn King က ပြောပါတယ်။