ငြိမ်းချမ်းရေး နိုဘယ်ဆု အမျိုးသမီးသုံးဦးရရှိ

  • 7 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service

၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ် ဆုကို လိုက်ဘေးရီးယားနိုင်ငံက ထင်ရှားတဲ့ အမျိုးသမီး နှစ်ယောက် ဖြစ်တဲ့ သမ္မတ Ellen Johnson-Sirleaf ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူ Leymah Gbowee နဲ့ ယီမင် နိုင်ငံက လူ့ အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး Tawakkul Karman တို့ ပူးတွဲ ဆွတ်ခူးသွားခဲ့ ပါတယ်။

ဆုရွေးချယ်ရေး အဖွဲ့ကတော့ အခုနှစ် အတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် သုံးယောက်ဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ဘဝလုံခြုံရေးတို့ ရရှိအောင် အကြမ်း မဖက်တဲ့နည်းနဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့သူတွေ ဖြစ်လို့ ဒီဆုနဲ့ ထိုက်တန် သူတွေလို့ ပြောပါ တယ်။

နိုဘယ်ဆု ဘယ်သူရတယ် ဆိုတာ ကြေညာရင်းနဲ့ သူတို့ သုံးယောက်ရဲ့ ဆောင်ရွက်မှုတွေ ကြောင့် အမျိုးသမီးတွေရဲ့ ဘဝတွေ ကို ပြောင်းလဲသွားအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သူတွေ ဖြစ်တယ်လို့ နော်ဝေနိုင်ငံ နိုဘယ် ကော်မီတီဥက္ကဌ Thorbjorn Jagland က ပြောပါတယ်။

ဆုရှင်တွေထဲက တစ်ယောက် ဖြစ်တဲ့ လိုက်ဘေးရီးယား သမ္မတ Ellen Johnson-Sirleaf ဆိုရင် အာဖရိကမှာ ပထမဆုံး ရွေးကောက် တင်မြှောက်ခံရသူ အမျိုးသမီး နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တယ် - သူရွေးကောက် ခံခဲ့ရပြီး ကျမ်းသစ္စာ ကျိန်ဆိုပြီး ကတည်းက လိုက်ဘေးရီးယား ငြိမ်းချမ်းရေးအတွက် ပံ့ပိုး ဆောင်ရွက် ပေးခဲ့တဲ့ အပြင် အမျိုးသမီးတွေးရဲ့ ဘဝရပ်တည်ရေး ခိုင်မာအောင်နဲ့ လူမှုရေး တိုးတက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ နိုဘယ်ကော်မီတီ ဥက္ကဌက မှတ်ချက် ပေးပါတယ်။

Leyman Gbowee ကတော့ သားသမီး ခြောက်ယောက်ရဲ့ မိခင် ဖြစ်ပြီး ၂၀၀၃ ခုနှစ်က စတင်ခဲ့တဲ့ လိုက်ဘေးရီးယားရဲ့ ဒုတိယ ပြည်တွင်းစစ်ကို အဆုံးသတ် သွားစေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ အဓိကကျတဲ့ ပုဂ္ဂိုလ်အဖြစ် ရှုမြင်ခံရသူ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ရာဇဝတ်မှုတွေနဲ့ အခု တရားရင်ဆိုင်နေရတဲ့ သမ္မတဟောင်း ချားလ်စ် တေလာရဲ့ အုပ်ချုပ်မှု အဆုံးသတ်သွားအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

အခုတော့ သူဟာ အာဖရိက အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကွန်ယက်ကို ဦးဆောင် နေပါတယ်။

ယီမင် နိုင်ငံသူ Tawakkul Karman ကတော့ နိုင်ငံရေးသမားလည်းဖြစ်၊ သတင်းထောက် လည်း ဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူလည်း ဖြစ်ပါတယ်။ မကြာသေးခင် ကတော့ ဆန်နားမြို့တော်မှာ သမ္မတဆာလေးနဲ့ သူ့အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြဖို့ လူစူလူဝေး ဖြစ်အောင် ဦးဆောင်စည်းရုံးခဲ့သူပါ။

နိုဘယ်ဆုရှင် အမျိုးသမီး သုံးယောက်ကို အမေရိကန် ဒေါ်လာ တစ်သန်းခွဲ ဆုကြေးငွေ ခွဲဝေပေးပြီး နိုဘယ် ဆုတံဆိပ် အပ်နှင်းပွဲကိုတော့ လာမယ့် ဒီဇင်ဘာလကျရင် နော်ဝေနိုင်ငံ အော်စလို မြို့တော်မှာ အခမ်းအနားနဲ့ ကျင်းပမှာ ဖြစ်လို့ သူတို့ကို ဖိတ်ကြားထားပြီး ဖြစ်ပါ တယ်။