နယူးဇီလန် ကမ်းရိုးတန်းမှာ စက်သုံးဆီယိုဖိတ်

ဓာတ်ပုံ မူပိုင် AFP
Image caption အထူးဂရုစိုက် ထိန်းသိမ်းနေတဲ့ ကမ်းရိုးတန်း မှာ အခုလို သောင်တင်ပြီး စက်ဆီတွေယိုဖိတ်ခဲ့

နယူးဇီလန် ကမ်းရိုးတန်း တနေရာမှာ ရာသီဥတုဆိုးဝါးခြင်းမရှိဘဲ ကုန်တင် သင်္ဘောကြီး တစီးဟာ သောင်တင်ပြီး၊ စက်သုံးဆီတွေ ယိုဖိတ်ခဲ့ရတာနဲ့ ပတ်သက် ပြီး ဘာကြောင့်အခုလို ဖြစ်ရတယ် ဆိုတာကို အသေအချာ စစ်ဆေးမေးမြန်းမှု တွေ လုပ်ဖို့ လိုအပ်တယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးက ပြောကြားလိုက် ပါတယ်။

ညသန်းခေါင်ယံအချိန် ငြိမ်သက်နေတဲ့ ရေပြင် မှာ တနာရီ ရေမိုင် ၁၇ မိုင်နဲ့ သွားနေတဲ့ သင်္ဘောတစီးကနေ မှတ်တမ်းမှတ်ရာနဲ့ အသေအချာ ရှိနေတဲ့ ဒီသန္တာ ကျောက်တန်း ကြီးကို ဝင်တိုက်ခဲ့တယ်ဆိုတာဟာ၊ ရှင်းလင်းချက်ပေးဖို့ လိုအပ်တဲ့ ကိစ္စဖြစ်တယ်လို့ သူကပြောသွားပါတယ်။

သောင်တင်နေတဲ့ နေရာကို မစ္စတာ ကီးဟာ လေယာဉ်နဲ့ ပျံသန်းကြည့်ရှုခဲ့ပြီးနောက် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုဖြစ်ရပ်အပေါ် သီးခြား လေ့လား စစ်ဆေးမှု ၂ ခု စတင် လုပ်ရမယ်လို့ သူက ပြောပါတယ်။

Rena ကုန်တင်သင်္ဘောကနေ ယိုဖိတ်ခဲ့တဲ့ ဆီတွေကြောင့် ငါးကီလိုမီတာလောက်ကျယ်တဲ့ ရေနံပြင်ကြီး ဖြစ်သွားခဲ့ပါတယ်။

သင်္ဘောပေါ်မှာ တင်ထားတဲ့ ကုန်သေတ္တာ ၁၃၀၀ ထဲမှာရှိနေတဲ့ စက်သုံးဆီကြမ်း တန်ချိန် ၁၇၀၀ ကို ဖယ်ရှားနိုင်ဖို့အတွက် အာဏာပိုင်တွေက တတ်နိုင်သမျှ ဆောင်ရွက်နေရာ၊ လောလောဆယ် ရေတပ်သင်္ဘော လေးစင်းနဲ့ ကုန်တင်သင်္ဘော နှစ်စင်းသုံးပြီး ပင်လယ်ထဲ ဖိတ်သွားတဲ့ ဆီတွေကို ပြန်သဲ့ယူ ဖယ်ရှားနေပါတယ်။

သောင်တင်နေတဲ့နေရာဟာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် အထူးဂရုစိုက် ထိန်းသိမ်း နေတဲ့ နယူးဇီလန် ရေပိုင်နက်ထဲက Bay of Plenty လို့ခေါ်တဲ့နေရာ ဖြစ်ပါတယ်။

မကြာခင် ဒီရေ ထပ်တက်လာမယ်ဆိုရင် ဆီဖယ်ရှားရေး လုပ်ငန်းဟာ ပိုနှောင့်နှေးသွားနိုင်ပြီး၊ တကယ်လို့ ဆီသန့်စင်ရေး လုပ်နေတဲ့ ဝန်ထမ်းတွေအတွက် အန္တရာယ် ရှိနိုင်တယ်ဆိုရင် လုပ်ငန်း တခုလုံး ခဏရပ်ထားရလိမ့်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ယိုဖိတ်လာတဲ့ ဆီတွေ ကမ်းခြေကို ရောက်လာပြီး သောင်ပြင်တွေ ပျက်ဆီးမှာကို နယူးဇီလန် အာဏာပိုင်တွေက အကြီးအကျယ် စိုးရိမ်ပြီး ပြင်ဆင်နေကြပါတယ်။