အီဂျစ်နိုင်ငံအကြမ်းဖက်မှု စုံစမ်းစစ်ဆေးမယ်

  • 10 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ခရစ်ယာန်တွေကို လုံခြုံရေးတွေက လုံလောက် တဲ့ ကာကွယ်မှုတွေ မပေးနိုင်ခဲ့ဘူးလို့ စွပ်စွဲ

အီဂျစ်နိုင်ငံကိုင်ရိုမြို့မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ရုန်းရင်းဆန်ခတ် မှုတွေ အတွင်း လူပေါင်း ၂၄ ဦးထက် မနည်းသေဆုံးသွားပြီး၊ လူရာနဲ့ချီ ဒဏ်ရာ ရရှိသွားတဲ့ ကိစ္စကို အစိုးရ ဝန်ကြီးတွေဟာ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။

အီဂျစ်ဝန်ကြီးချုပ် အက်ဆန် ရှာရတ်ရှ်က ခရစ်ယာန်၊ မူဆလင် ဘာသာရေး အစုအဖွဲ့ တွေနဲ့ ယောင်္ကျား၊ မိန်းမ၊ လူငယ်၊ လူကြီး အားလုံးသော အီးဂျစ်ပြည်သူတွေဟာ အခုလို အကြမ်းဖက် ကြံစည်မှုတွေကို ညီညီညွတ်ညွတ်နဲ့ ပူးပေါင်း ဆန့်ကျင်သွားကြပါ ဆိုပြီး ရုပ်သံကနေ ပြောကြားသွားတာပါ။

သေဆုံးသွားသူတွေအတွက် အသုဘအခမ်းအနားတွေလည်း ပြုလုပ်နေပြီး၊ ဝန်ကြီးတွေ ကတော့ သေဆုံးသွားသူတွေ အတွက် ဝမ်းနည်းကြောင်း ဖေါ်ပြပြောဆိုကာ ဒီအကြမ်းဖက်မှုကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး၊ စစ်ဆေးသွားဖို့ သဘောတူခဲ့ပါတယ်။

အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကတော့ ဆက်သွားနေမှာဖြစ်ပြီး လာမယ့်လမှာ ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်တယ်လို့ ဝန်ကြီးတွေက အလေးအနက် ပြောပါတယ်။

အစွန်းရောက် မွတ်ဆလင်တွေကြောင့် တိုးပွားလာနေတဲ့ ဘာသားရေး အဓိကရုဏ်းတွေမှာ ခရစ်ယာန် သာသာဝင်တွေကို လုံခြုံရေး တပ်ဖွဲ့တွေက လုံလောက်တဲ့ ကာကွယ်မှုတွေ မပေးနိုင်ခဲ့ဘူးလို့ ခရစ်ယာန်တွေ စွပ်စွဲပါတယ်။