Anglican တွေကို ခြိမ်းခြောက် နှိပ်စက်တာ ရပ်ပါ

  • 11 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Getty
Image caption အင်္ဂလိကန် ခရစ်ယန် သာသနာပိုင် အကြီးအကဲ ဒေါက်တာ ဝီလီယမ်စ်

ဇင်ဘာဘွေ နိုင်ငံမှာ အင်္ဂလိကန် ခရစ်ယန် ဘာသာဝင် တွေကို နှိပ်စက်မှုတွေ ရပ်တန့် ပေးပါလို့ သမ္မတ Robert Mugabe ကို အင်္ဂလိကန် ခရစ်ယန် သာသနာပိုင် ဂိုဏ်းချုပ် Rowan Williams က ကိုယ်တိုင် ပန်ကြားလိုက်ပါတယ်။

အင်္ဂလိကန် ခရစ်ယန် သာသနာထဲက လူတွေ ခြိမ်းခြောက်ခံ နေရတဲ့ အတိုင်းအတာနဲ့ ပတ်သက်လို့ သူ့ထောက်ပြချက် တွေကို သမ္မတ မူဂါဘေက တုန်လှုပ်မိကြောင်း ထုတ်ဖော် ပြောခဲ့ပြီး ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်း ပေးပါ့မယ်လို့ ဂတိပေးခဲ့ကြောင်း Harare ဟာရာရီမြို့မှာ မစ္စတာ မူဂါဘေနဲ့ နှစ်နာရီကြာ တွေ့ဆုံခဲ့ပြီးတဲ့ နောက် Dr Williams က ပြောပါတယ်။

ဒါပေမယ့် အင်္ဂလိကန်တွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးတဲ့ လူထုထုတ်ပြန်ချက် တရပ် ပြတ်ပြတ် သားသား ကြေညာပေးတာကို လိုချင်တယ်လို့ သာသနာပိုင် ဘုန်းတော်ကြီးက ပြောပါတယ်။

သာသနာထဲက ဖယ်ကျဉ် ထားတဲ့ ဘစ်ရှော့ဟောင်း တယောက်က ဟာရာရီမြို့နဲ့ တခြား အရပ်ဒေသက အင်္ဂလိကန် သာသာနာပိုင် ဘုရားကျောင်းတွေကို သိမ်းယူဖို့ အမိန့်ထုတ်ခဲ့ ပြီးတဲ့နောက် အခုလို အင်္ဂလိကန် သာသာပိုင်ချုပ်က သမ္မတ မူဂါဘေနဲ့ တွေ့ဆုံတဲ့ ခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။