မြစ်ဆုံ ကိစ္စ တရုတ်နဲ့ မြန်မာ အစိုးရကြား ထပ်ပြီး ဆွေးနွေးဖို့ သဘောတူ

  • 11 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC burmese
Image caption ဧရာဝတီကို ကယ်ဖို့ လူထု ပန်ကြား

မြန်မာ သမ္မတ ဦးသိန်းစိန် က သူတို့ကို ကြိုတင် အသိပေးခြင်း မရှိဘဲ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်ဆိုင်းထားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ မြန်မာ အစိုးရဖက်က သဘောတူခဲ့တယ်လို့ တရုတ် နိုင်ငံက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ရန်ဂျီချားနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ မနေ့က တနင်္လာနေ့တုန်းက ဘေဂျင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ် လာတာပါ။

တရုတ် အစိုးရ အာဘော် ဆင်ဟွာ သတင်းမှာ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်တွေ ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံ အနေနဲ့ ဒီကိစ္စ အပေါ် သင့်တင့် လျောက်ပတ်အောင် ညှိနှိုင်းကြဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ဝရက်နေ့တုန်းက သမ္မတ ဦးသိန်းစိန်က ဒေါ်လာ သန်းသုံးထောင်ကျော် ကုန်ကျမယ့် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ တရုတ်ကုမ္ပဏီက အကြီးအကျယ် ဝေဖန်တာကို ခံခဲ့ရပါတယ်။

ဒါပေမယ့် ဒီ မြစ်ဆုံ စီမံကိန်းဟာ ဧရာဝတီမြစ်ရဲ့ ဂေဟ စံနစ်ကို ပျက်စီးစေပြီး ဒေသခံ ရွာသားတွေရဲ့ အိုးအိမ် ၊ ယာမြေတွေ ပြောင်းရွေ့ အခြေအနေမဲ ဖြစ်စေတာကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။