ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ် အပြစ်ပေး ခံရ

  • 11 အောက်တိုဘာ 2011
Ukraine ဓာတ်ပုံ မူပိုင် Getty Images
Image caption ယူလီယာ တိုင်မို ရှန်ကို က တရားရုံး ဆုံးဖြတ်ချက် ကို သူ့နိုင်ငံရေး ပြိုင်ဘက် က ရေးတာလို့ ဆို

ယူကရိန်း ဝန်ကြီးချုပ် ဟောင်း ယူလီယာ တိုင်မို ရှန်ကို (Yulia Tymoshenko) ဟာ ၂၀၀၉ ခုနှစ် တုန်းက သူ့ရဲ့ လုပ်ပိုင်ခွင့် ကို ကျော်လွန် ပြီး ရုရှနဲ့ သဘာဝ ဓါတ်ငွေ့ ဆိုင်ရာ သဘော တူညီချက် တွေ လုပ်ခဲ့ တယ် ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ထောင်ဒဏ် ၇ နှစ် အပြစ် ပေးလိုက် ပါတယ်။

တရား မဝင်တဲ့ ဒီ သဘော တူညီချက် ကြောင့် ယူကရိန်း နိုင်ငံကို ဒေါ်လာ သန်း ၂၀၀ လောက် နစ်နာ စေခဲ့ တယ်လို့ တရားသူကြီး က ပြော ပါတယ်။

မစ္စစ် တိုင်မို ရှန်ကို ကတော့ ဒီ ဆုံးဖြတ်ချက် ကို သူနဲ့ နိုင်ငံရေး ပြိုင်ဘက် ဗစ်တာ ယာနူကိုဗစ်ချ် (Viktor Yanukovych) က ရေးခဲ့တာ လို့ ပြောပါတယ်။

တရားရုံး နဲ့ သိပ် မဝေးတဲ့ နေရာမှာ တော့ သူ့ကို ထောက်ခံ သူတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကြား ရုန်းရင်း ဆန်ခတ် မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ယူလီယာ တိုင်မို ရှန်ကိုရဲ့ အမှုကို စစ်ဆေး ရာမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး အလွန် စိတ်ပျက် မိကြောင်း EU ဥရောပ သမဂ္ဂက ပြော ပါတယ်။

Image caption တရားရုံး ဆုံးဖြတ်ချက် ကြောင့် ဆက်ဆံရေး ထိခိုက် နိုင်တယ်လို့ ဥရောပ သမဂ္ဂက ဆို

ဒီအမှု ဆုံးဖြတ်ချက် ကြောင့် အီးယူနဲ့ ယူကရိန်း နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေး တွေ တိုးမြှင့် ဖို့ ရည်ရွယ်တဲ့ Association Agreement သဘော တူညီချက် အတွက် ဆွေးနွေး ရာမှာ ထိခိုက် မှုတွေ ရှိနိုင်တယ် လို့ အီးယူ နိုင်ငံ ခြားရေး မူဝါဒ ဆိုင်ရာ အကြီး အကဲ Catherine Ashton က ပြော ပါတယ်။

ကုန်သွယ်ရေး လွတ်လပ်ခွင့် တွေပါတဲ့ အဲဒီ ပူးပေါင်း ဆောင်ရွက်ရေး အဆို ပြုချက်ကို ဒီနှစ် ကုန်မှာ အပြီးသတ် နိုင်ဖို့ ယူကရိန်း နိုင်ငံ ဖက်က မျှော်လင့် နေတာ ဖြစ်ပါတယ်။

ဒီ သဘော တူညီချက် ဟာ ယူကရိန်း နိုင်ငံ အနေနဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် ဖြစ်လာဖို့ ပထမ ခြေလှမ်း အဖြစ် လည်း ရှုမြင် ရပါတယ်။