တိုကျိုမြို့မှာ ရေဒီယို ဓါတ်ကြွမှုတွေ တွေ့

  • 13 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရေဒီယိုဓါတ်ကြွမှုရှိနေတဲ့ နေရာတွေ တွေ့နေတဲ့ အတွက် အာဏာပိုင် တွေ က စုံစမ်းစစ်ဆေး နေပါတယ်။

ဒီလို ရေဒီယိုဓါတ်ကြွမှုတွေဟာ ဖူကူရှီးမား ဓာတ်ပေါင်းဖိုက ရေဒီယိုဓါတ်စိမ့်ထွက်မှု ပြဿနာနဲ့ ဆက်နွယ်ပတ်သက်မှု မရှိတဲ့ အကြောင်း လည်း အစိုးရ အရာရှိ တွေက ပြောပါတယ်။

ဓါတ်ကြွမှု တွေ့ရတဲ့ နေရာ တနေရာက တိုကျိုမြို့ ဆီတာဂရာ ဒေသဖက်မှာပါ။

ရေဒီယို ဓါတ်ကြွနေတာတွေကို ဂျပန်မှာ မတ်လ ဆူနာမီ အပြီးကတည်းက အရောင်းရသွက်နေတဲ့ ရေဒီယို သတ္တိကြွ တိုင်းတာတဲ့ ဂိုက်ဂါ ကောင်တာဆိုတဲ့ ကရိယာနဲ့ တိုင်းတာတဲ့ သာမန် အရပ်သားတွေကပဲ သတင်းပေးပို့ အကြောင်းကြားခဲ့တာပါ။

စေတာဂါယာက မူကြိုကျောင်း အနီး လူသွားခြေလမ်းလေးနား နေရာ တဝိုက်မှာ ရေဒီယိုသတ္တိကြွဓါတ်ဟာ တနာရီကို ၂ ဒသမ ၇ မိုက်ခရို ဆီးဗတ် အထိမြင့်တက်နေတယ်လို့ ဆိုပါတယ်။

အဲဒီနေရာကို ရေနဲ့ ဆေးကြော သန့်စင်ပေမဲ့လည်း ရေဒီယို သတ္တိကြွနှုန်းက ပြောင်းမသွားပါဘူး။

အနီးအနားမှာ ဖြတ်သန်းသွားလာရုံနဲ့တော့ အန္တရာယ်မဖြစ်နိုင်ဘူးလို့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဆိုပါတယ်။

ဒါပေမဲ့ က လေးတွေကိုတော့ အဲဒီနားက ဖြတ်မသွားဖို့ အကြံပြုထားပါတယ်။

တကယ်တော့ အဲဒီနေရာဟာ ဖူကူရှီးမား ဓါတ်ပေါင်းဖိုကနေ မိုင်ပေါင်း ၁၄၃ မိုင်တောင်ကွာပါတယ်။ ဒါပေမဲ့ ဒီလောက် ဝေးတဲ့ တနေရာမှာ ရေဒီရေးရှင်း ကြွ စက်ဝန်း တကွက် သွားတွေ့တာဟာ သိပ္ပံပညာရှင်တွေကတော့ အံ့သြစရာ သိပ်မရှိလှဘူးလို့ ဆိုပါတယ်။

ဘာ့ကြောင့်လဲ ဆိုတော့ ရေဒီယို သတ္တိကြွ အမှုန်တွေဟာ လေတိုက်ရင် မိုင်ပေါင်းများစွာ ရွေ့လျားနိုင်တယ်ဆိုတော့ လနဲ့ ချီကြာတဲ့ အချိန်မှာ ဂျပန်နိုင်ငံ အနှံ့အပြားကိုတောင် ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ရိုကိုဟားမားက အိမ်ခေါင်မိုးတခုပေါ်မှာလည်း စထရိုတီယံ ၉၀ ဆိုတဲ့ ငွေရောင် သတ္တုရဲ့ ဓါတ်တချို့ တွေ့ခဲ့ရပါတယ်။ အဲဒီဓါတ်ဟာ လူ့ခန္ဓာကိုယ်ထဲကို ရောက်ပြီး မကြေမပျက်ခဲ့ရင် လူ့အရိုးထဲမှာ နှစ်ပေါင်းသုံးဆယ်ကြာအောင် ရှိနေနိုင်ပြီး သွေးကင်ဆာလို ရောဂါမျိုး ဖြစ်ပွား စေနိုင်တယ်လို့ ဆိုပါတယ်။

တိုကျို အနားက ချီးဘား ဆိုတဲ့ နေရာမှာလည်း နောက်ထပ် ရေဒီယို သတ္တိကြွ စက်ဝန်း တခု ဖြစ်နိုင်ခြေရှိတယ်လို့ အာဏာပိုင်တွေက တပ်လှန့် နှိုးဆော်ထားပြန်ပါတယ်။

ဂျပန်က ဆူပါမတ်ကက်တွေမှာ စားသောက်ကုန်တွေကို ဘယ်ဒေသကထုတ် လုပ်တယ်ဆိုပြီး တံဆိပ်ကပ် ရောင်းချတာလည်း ခေတ်စားနေပါတယ်။

ဘာ့ကြောင့်လဲ ဆိုတော့ လူတွေဟာ ဖူကူရှီးမားနဲ့ နီးတဲ့ နေရာက ထုတ်ကုန် တွေကို သိပ်မသုံးချင်ကြလို့ပါ။

ကမ္ဘာလှည့် ခရီးသွားတွေက အဲဒီဒေသကို ဝေးဝေးက ရှောင်ရှားနေလေတော့ ဟိုတယ်တွေ စားသောက်ဆိုင်တွေဟာလည်း တခုပြီး တခု ပိတ်နေကြပါတယ်။

အခုဆိုရင် ဖူကူရှီးမားက ကလေးပေါင်း ၃ သိန်း ၆ သောင်း ကိုစမ်းသပ်မှုတွေ လုပ်နေပြီး ဒါဟာ သူတို့ရဲ့ သက်တမ်းတလျှောက်လုံး စမ်းသပ် လေ့လာမဲ့ လေ့လာမှု အစဖြစ်ပါတယ်။