သမ္မတဦးသိန်းစိန် ဗုဒ္ဓဂါယာရောက်

  • 13 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP

အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူရာ ဗုဒ္ဓဂါယာက မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ပင့်သံဃာ ၂၇ ပါးကို ကထိန်သင်္ကန်းနဲ့ လှူဖွယ်၀တ္ထုတွေကို အောက်တိုဘာ ၁၃ရက်နေ့ မနက်ကဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ဗုဒ္ဓဂါယာာခရီးစဉ်ကတော့ ပြီးတဲ့နှစ် ဇူလိုင်လကုန်ပိုင်းကလာတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခရီးစဉ်ထက် လုံခြုံရေးတင်းကြပ်တာကြောင့် ဦးသိန်းစိန်နဲ့အဖွဲ့ မဟာဗောဓိဘုရားထဲရှိနေချိန်မှာ တခြားဘယ်သူမှမ၀င်ရအောင် အိန္ဒိယအစိုးရက စီစဉ်ပေးထားတယ်လို့သိရပါတယ်။

ဦးသိန်းစိန်နဲ့အဖွဲဟာ ကထိန်အပြီးမှာတော့ ဓမ္မစင်္ကြာ တရားဦးဟောတော်မူရာ ဗာရာဏသီက မိဂဒါ၀ုန်ကိုထွက်သွားပြီး ညနေစောင်းမှာတော့ နယူးဒေလီကို ရောက်ရှိမှာဖြစ်ပါတယ်။

နယူးဒေလီမြို့မှာတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူ ၂၀၀နီးပါးက ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ နယူးဒေလီမြို့လယ်က ပါလီမန်နားမှာ ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေလီမြို့က သမ္မတဦးသိန်းစိန်ခရီးစဉ်ကို ဆန္ဒပြသူတွေ

သမ္မတ ဦးသိန်းစိန်ဟာ အောက်တိုဘာ ၁၄ ရက်နေ့မှာ အိန္ဒိယအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှု၊ နယ်စပ်လုံခြုံရေး၊ စိုက်ပျိုးရေး ပညာရေးစတာတွေကို ဆွေးနွေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေကတော့ ဦးသိန်းစိန်ရဲ့ ခရီးစဉ်မပြီးမချင်း ကန့်ကွက်ဆန္ဒပြသွားမယ်လို့ သိရပါတယ်။