မြန်မာ နဲ့ အိန္ဒိယ သဘောတူညီချက် တွေ

  • 14 အောက်တိုဘာ 2011
thein sein singh ဓာတ်ပုံ မူပိုင် AFP
Image caption ၂ နိုင်ငံကြား သဘောတူစာချုပ် တွေ ချုပ်ဆို

မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းတို့ နယူး ဒေလီမြို့မှာ သောကြာနေ့ က တွေ့ဆုံ ဆွေးနွေး အပြီး ထုတ်ပြန် လိုက်တဲ့ ပူးတွဲ ကြေညာချက် မှာ အဓိက အားဖြင့် နှစ်နိုင်ငံ နယ်စပ် ဒေသ လုံခြုံရေး၊ ဒေသတွင်း တိုးတက် ဖွံ့ဖြိုးရေးနဲ့ စွမ်းအင် ကဏ္ဍ တွေအကြောင်း အလေးထား ဖေါ်ပြထား ပါတယ်။

နှစ်နိုင်ငံ နယ်စပ် ဒေသမှာ ပုန်ကန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေကို နှိမ်နှင်းရာမှာ ထောက်လှမ်းရေး အချက်အလက်တွေ အပြန်အလှန် ဝေမျှနိုင်ရေးအတွက် အဖွဲ့အစည်း ယန္တရားတွေ အခိုင်အမာ တည်ဆောက်ဖို့ လိုအပ်ကြောင်း ခေါင်းဆောင် ၂ ဦး အလေး အနက်ထား ဆွေးနွေးခဲ့ကြ သလို နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ တွေ အကြား ထိရောက် တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးလုပ်ဖို့ သဘောတူခဲ့ ကြတယ် လို့ အဲဒီ ပူးတွဲ ကြေညာချက် ထဲ မှာ ဖေါ်ပြ ထားပါတယ်။

အိန္ဒိယ၊ မြန်မာ နှစ်နိုင်ငံ စလုံးအနေနဲ့ ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ရှိရေး၊ လုံခြုံမှု ရှိရေး ကိစ္စရပ်တွေ အတွက် တာဝန်ရှိတယ် ဆိုတာကို ထုတ်ဖေါ် ပြောဆိုခဲ့ သလို ပဲ ဒေသ တွင်း လူမှု စီးပွားရေး တိုးတက် ကောင်းမွန် လာရေး အတွက် နှစ်နိုင်ငံ အကြား စီးပွားရေး၊ လူမှုရေး၊ တိုးတက် ဖွံ့ဖြိုးရေးတွေ ကို ပိုပူးပေါင်း ဆောင်ရွက်ဖို့ လို ကြောင်း ကို လည်း အလေးထား ဆွေးနွေး ခဲ့ကြတယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လမ်းမတွေ၊ ဆည်မြောင်းတွေ၊ ဆိပ်ကမ်းတွေ အပါအဝင် အခြေခံ အဆောက် အအုံ စီမံကိန်းတွေ အတွက် အိန္ဒိယ နိုင်ငံက ဒေါ်လာ သန်း ၃၀၀ မနှစ် က အကူအညီ ပေးခဲ့ သလိုပဲ အခုလည်း နောက်ထပ် ဒေါ်လာ သန်း၅၀၀ အကူအညီပေးဖို့ အိန္ဒိယ ဝန်ကြီးချုပ် က ကမ်းလှမ်းခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အဲဒီပူးတွဲ ကြေညာချက်ထဲမှာ စွမ်းအင် လုံခြုံမှု ရှိရေး လိုအပ်ချက်တွေ အကြောင်း အလေး ထား ပြောသွားသလို မြန်မာနိုင်ငံ ဘက် ကလည်း မြန်မာနိုင်ငံရဲ့ စွမ်းအင် ကဏ္ဍ တွေမှာ အိန္ဒိယနိုင်ငံက ရင်းနှီးမြုပ်နှံမှုတွေ ထပ်လုပ် လာနိုင်ရေးကို အားပေးကူညီ သွားဖို့ သဘောတူ ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံ အပြန်အလှန် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီ ချက်တွေထဲမှာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် အတွင်း သိပ္ပံနဲ့ နည်းပညာရပ် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းလည်း ပါဝင်ပြီး သိပ္ပံနဲ့ နည်းပညာရပ်ပိုင်း ဆိုင်ရာ နယ်ပယ် တွေမှာ အချက်အလက် ရှာဖွေ လေ့လာသူ မြန်မာ သုတေသီ တွေကို သင်တန်း ပေး ရာမှာ အိန္ဒိယ နိုင်ငံက အကူအညီပေးမယ် လို့ အဲဒီ ပူးတွဲ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

နှစ်နိုင်ငံကြား အပြန်အလှန် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူချက်တွေကို အကောင် အထည် ဖေါ် လုပ်ဆောင်နိုင်ဖို့အတွက် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်း လောက်ကျရင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို နယူးဒေလီမြို့မှာ ကျင်းပဖို့ နဲ့ နိုင်ငံခြားရေးဌာန အဆင့် နောက်တကျော့ ဆွေးနွေးပွဲတွေကို ၂၀၁၂ ခုနှစ်အတွင်း အဆင်ပြေ တဲ့ နေ့တနေ့မှာ ကျင်းပဖို့ သဘောတူ ခဲ့ကြပါတယ်။