စီးပွားရေး လောဘသားတွေကို ဆန့်ကျင်ဆန္ဒပြ

  • 15 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ချမ်းသာကြွယ်ဝမှုကို လူနည်းစုပဲ ရရှိနေ တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်

အမေရိကန်ပြည်ထောင်စုမှာ Wall Street ဘဏ္ဍာရေးလုပ်ငန်းရှင်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ရတ်သတ္တပတ်နဲ့ချီ ဖြစ်ပွားခဲ့ ရာကနေ အခုတော့ စီးပွားရေးသမားတွေရဲ့ အလိုလောဘကြီးမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြ ပွဲတွေ ကမ္ဘာတလွှားမှာ ဖြစ်ပွားနေပါတယ်။

ဆန္ဒပြကြဖို့အတွက် အင်တာနက် လူမှုကွန်ယက် ဝက်ဆိုက်တွေမှာ လှုံ့ဆော် ပန်ကြားခဲ့ပြီးနောက် လန်ဒန်၊ ဘာလင်နဲ့ အေသင်မြို့တွေ အပါအဝင် ဥရောပမြို့ကြီးတွေက လမ်းတွေပေါ်မှာ လူပေါင်း ထောင်နဲ့ချီ ဆန္ဒပြနေကြပါတယ်။

အခုနှစ်အတွင်း လူထုဆန္ဒပြပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့တဲ့ ရောမမြို့နဲ့ မက်ဒရစ် မြို့တွေမှာတော့ အကြီးမားဆုံး ဆန္ဒပြပွဲတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အစောပိုင်းတုန်းကတော့ ဟောင်ကောင်၊ ထိုင်ပေးနဲ့ ဆစ်ဒနီမြို့တွေမှာ ရာနဲ့ချီတဲ့ လူတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ချမ်းသာကြွယ်ဝမှုတွေဟာ လူအနည်းစု လက်ထဲမှာသာ ရှိနေတယ်လို့ မကျေနပ်ကြောင်း ပြောကြပါတယ်။