ကချင်ပြည်နယ် အနှံ့ တိုက်ပွဲတွေဆက်

  • 15 အောက်တိုဘာ 2011
Image caption အစိုးရစစ်တပ်ရဲ့ ‘မော်ဆွေ ရှေ့တန်းစခန်း’ကို၊ KIA တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်အတွင်း က အစိုးရတပ် ခမရ (၃၂၁) တပ်ဖွဲ့တွေ စခန်းထိုင်ထားရာ ‘မော်ဆွေ ရှေ့တန်း စခန်း’ကို၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၃) တပ်ရင်း (၁) တပ်ဖွဲ့ တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။

တရုတ်– မြန်မာနယ်စပ် လွယ်ဂျယ်မြို့က မော်ဆွေ ရှေ့တန်းစခန်းဟာ ‘လွယ်ဂျယ် – အင်ဘာဘာ’ လမ်းကို ထိန်းချုပ်ထားတဲ့ အစိုးရ တပ်စခန်း တခု ဖြစ်ပြီး၊ စနေနေ့ ညနေ (၄) နာရီကျော်ခန့်မှာ KIA က ဝင်ရောက် သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

စနေနေ့ကပဲ မိုးမောက်မြို့နယ်အတွင်းရှိ ကေအိုင်အေတပ်မဟာ (၃) တပ်ရင်း (၁) ရဲ့ ရှေ့တန်းစခန်းတခု ဖြစ်တဲ့ KIA ‘လုံဂျာ’ စခန်းကို မပခလက်အောက်ခံ အစိုးရ စစ်တပ် တပ်ဖွဲ့၀င်တွေက မိုးမောက်မြို့နယ် ‘ကျောက်စခန်း’ ရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အခုရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ် နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေရာ၊ ဝိုင်းမော် မြို့နယ်အတွင်း အစိုးရစစ်တပ်နဲ့ KIA တပ်ဖွဲ့တွေ အကြား (၃) ရက် ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေသလို၊ မိုးမောက်မြို့နယ်အတွင်းနဲ့ လွယ်ဂျယ်မြို့နယ် အတွင်းမှာလဲ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း လွယ်ဂျယ်မြို့နယ်အတွင်းက ‘ဂျာမိုင်’ စစ်တပ်ကုန်းကို KIA ဘက်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး၊ အဲဒီတိုက်ပွဲမှာ KIA ဘက်က အကျအဆုံး များခဲ့ပေမဲ့၊ အခု မော်ဆွေစခန်းကို သိမ်းပိုက်ရာမှာတော့ အကျအဆုံးမရှိခဲ့ဘူးလို့ KIA ဘက်က ဆိုပါတယ်။