ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ရာထူး ကထွက်

  • 15 အောက်တိုဘာ 2011
Fox ဓာတ်ပုံ မူပိုင် bbc
Image caption ရာထူးက နှုတ်ထွက်သွားတဲ့ လီယမ်ဖောက်စနဲ့ သူ့မိတ်ဆွေ

ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး လီယမ် ဖောက်စနဲ့ သူ့မိတ်ဆွေ အာဒမ် ဝယ်ရစ်တီတို့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ကိစ္စရပ်တွေ မကြာသေးခင် ရက်တွေက ပေါ်ထွက်ခဲ့ပြီးနောက် လီယမ် ဖောက်စ မနေ့က ရာထူးက နှုတ်ထွက် သွားပါတယ်။

ဒေါက်တာ လီယမ်ဖောက်စနဲ့ ဝယ်ရစ်တီတို့ အရင်က တအိမ်ထဲ အတူ နေခဲ့ဖူးပြီး ဝယ်ရစ် တီဟာ ကာကွယ်ရေး ဝန်ကြီး ဌာနမှာ တရားဝင် ရာထူးလက်ကိုင် မရှိပေမယ့် ကာကွယ်ရေး ဝန်ကြီး ခရီး ထွက်ရာမှာ လိုက်ပါ သွားတတ်သလို ဝန်ကြီးရုံး အစည်း အဝေးတွေ ကိုလည်း တက်ရောက် ခဲ့ပါတယ်။

ဒေါက်တာ ဖောက်စက သူ့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေနဲ့ အစိုးရ အလုပ် ကိစ္စတွေကို ကတ္တား ခြားထားရမယ့် နေရာမှာ မရှင်းမလင်း အမှားအယွင်းတွေ လုပ်ခဲ့မိတယ်လို့ ပြောဆို ခဲ့ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကတော့ ကာကွယ်ရေး ဝန်ကြီးဟာ ပြောင်မြောက်စွာ အမှု ထမ်းခဲ့ပေမယ့် သူဘာ့ကြောင့် နှုတ်ထွက်သလဲဆိုတာ နားလည်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

လီယမ်ဖောက်စဟာ ပြီးခဲ့တဲ့ အပတ်ကမှ လစ်ဗျားကို သွားပြီး အစိုးရသစ်နဲ့ တွေ့ခဲ့ပါ သေးတယ်။

လစ်ဗျားမှာ ကဒါဖီ တပ်တွေကို နေတိုးက လေကြောင်းက တိုက်ခိုက်ရာမှာ ဗြိတိသျှ လေတပ်က ထင်ရှားတဲ့ ကဏ္ဍကနေ ပါဝင် လှုပ်ရှားခဲ့ပါတယ်။

ဒါ့အပြင် သူဟာ အာဖဂန် နစ္စတန်က ဗြိတိသျှ တပ်တွေဆီလည်း အကြိမ်ကြိမ် သွားရောက် ခဲ့ပါတယ်။

ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဌာနထဲမှာ ကြီးမားတဲ့ အပြောင်းအလဲတွေနဲ့ ရင်ဆိုင် နေရချိန်မှာ သူဟာ ကာကွယ်ရေး ဝန်ကြီး ရာထူးကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိသျှ ကာကွယ်ရေးနဲ့ လုံခြုံရေး မဟာဗျူဟာ သုံးသပ်ချက် အစီရင်ခံစာ မကြာခင်က ထွက်ရှိလာခဲ့ပြီး ဗြိတိသျှ စစ်တပ်ထဲမှာ အသုံးစရိတ် အကြီးအကျယ် လျှော့ချမှုတွေ မကြာခင် တွေ့လာရတော့မှာ ဖြစ်ပါတယ်။