ဆာကိုဇီနဲ့ ဝင်အရွေးခံမယ့်သူ ဆိုရှယ်လစ်ပါတီက ရွေးချယ်

  • 16 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဆိုရှယ်လစ် ပါတီဖက်က သမ္မတလောင်း အဖြစ် ဝင်ပြိုင်မယ့် Francois Hollande

ပြင်သစ်နိုင်ငံမှာ နောက်နှစ် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ပါတီက လက်ရှိ အာဏာရ သမ္မတ Nicolas Sarkozy နီကိုလပ် ဆာကိုဇီနဲ့ ဝင်ပြိုင်ဖို့ ဆိုရှယ်လစ် ပါတီက အကြီးအကဲဟောင်း Francois Hollande ကို ရွေးချယ်ခဲ့ ကြပါတယ်။

ဒုတိယ အကျော့ မဲပေးရွေးချယ်တဲ့ အခါ မစ္စတာ အိုလန်းဒ် ဟာ Martine Aubry ကို အနိုင်ရပြီး သမ္မတလောင်း အဖြစ် ဝင်ပြိုင်ဖို့ အရွေးခံခဲ့ရတာပါ။

သူဟာ အစိုးရ အဖွဲ့အစည်းထဲမှာ တခါမှ အလုပ်မလုပ်ဖူး သေးပေမယ့် သမ္မတကောင်း တယောက် ဖြစ်အောင် ကြိုးစားပြီး ပြင်သစ် လူထုရဲ့ အိပ်မက်တွေဖြစ်တဲ့ လူတန်းစား သာတူ ညီမျှရေးနဲ့ လူမှုဘဝ တိုးတက်လာရေး စတာတွေကို ဖြည့်စွမ်းနိုင်ဖို့ အကူအညီ ပေးသွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ အိုလန်းဒ် က ပြောကြား ခဲ့ပါတယ်။

လာမယ့်နှစ်ရွေးကောက်ပွဲမှာ ကနဦး စစ်တမ်း ကောက်ယူချက်တွေအရ မစ္စတာ အိုလန်းဒ် က မစ္စတာ ဆာကိုဇီကို လွယ်ကူ သက်သာစွာနဲ့ အနိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ ဥက္ကဌဟောင်း ဒိုမနစ် စထရောက်စ် ခန်း ကို ဆိုရှယ်လစ် ပါတီဖက်က ဝင်ပြိုင်မယ့် သမ္မတလောင်း နေရာအတွက် ကျယ်ကျယ်ပြန့်ပြန့် တစ်ပေး ခံခဲ့ ရပေမယ့် သူဟာ နယူးယောက်မြို့မှာ ဟိုတယ် ဝန်ထမ်း အမျိုးသမီးကို အဓမ္မ ပြုကျင့်ဖို့ ကြိုးစားမှုနဲ့ တရားစွဲခံခဲ့ ရပြီးတဲ့နောက် သမ္မတ ရွေးပွဲမှာ ဝင်ပြိုင်ဖို့ သူက ရုတ်သိမ်း ခဲ့ပါတယ်။

အဲလို နောက်ဆုတ်လိုက်တဲ့ အခါမှာ အစိုးရ ရှေ့နေတွေက သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုတ်သိမ်းခဲ့တာ ဖြစ်ပေမယ့် သူဟာ ရာဇဝတ်မှု ဆိုင်ရာ စွဲဆိုချက် တွေအပေါ် ဆက်လက် ရင်ဆိုင်ရ ဦးမှာ ဖြစ်ပါတယ်။