ကင်ညာတပ်ဖွဲ့ အယ်ရှာဘတ်ကို တိုက်ရင်း ဆိုမာလီရောက်

  • 16 အောက်တိုဘာ 2011
Image caption အယ်ရှာဘတ် အဖွဲ့ကို လိုက်တိုက်ရင်း ကင်ညာ တပ်ဖွဲ့တွေ ဆိုမာလီ နိုင်ငံထဲ ရောက်

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နိုင်ငံခြားသား လူမှုကယ်ဆယ်ရေး ဝန်ထမ်းတွေကို ပြန်ပေးဆွဲ ခဲ့တယ်လို့ စွပ်စွဲထားကြတဲ့ အယ်ရှာဘတ် အဖွဲ့ကို လိုက်လံ တိုက်ခိုက်နေတဲ့ ကင်ညာ တပ်ဖွဲ့တွေဟာ နယ်စပ် ဖြတ်ကျော်ပြီး ဆိုမာလီ နိုင်ငံထဲထိ ဝင်ရောက် လာခဲ့ ကြပါတယ်။

မျက်မြင် သက်သေတယောက်က ဘီဘီစီကို ပြောပြချက်အရ ကင်ညာတပ်ဖွဲ့တွေ တင်ဆောင် လာတဲ့ စစ်ယာဉ် ၂၅စီးလောက် ဆိုမာလီ နိုင်ငံထဲ မောင်းဝင် လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကင်ညာ တပ်ဖွဲ့တွေ စီးနင်း လိုက်ပါလာတဲ့ စစ်ရဟတ်ယာဉ်တွေက ဗုံးကြဲ တိုက်ခိုက် ခဲ့တယ်လို့လည်း သတင်းတွေ ရရှိပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဒါဒက်ဘ် ဒုက္ခသည် စခန်းက စပိန်နိုင်ငံသား ကယ်ဆယ်ရေး ဝန်ထမ်း နှစ်ယောက်ကို သူတို့ ပြန်ပေးဆွဲခဲ့တာ မဟုတ်ပါဘူးလို့ အယ်ရှာဘတ် အဖွဲ့က ငြင်းဆိုခဲ့ပါတယ်။

ကင်ညာ ကမ်းရိုးတမ်းက လာမူး အပန်းဖြေ စခန်းမှာ နိုင်ငံခြားသူ အမျိုးသမီး နှစ်ယောက်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပြန်ပေးဆွဲ ခံခဲ့ရပြီး သူတို့ကို ဆိုမာလီ နိုင်ငံဖက်ဆီ ခေါ်ဆောင်သွားတယ်လို့ ယူဆရပါတယ်။