ကဒါဖီကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီ

  • 25 အောက်တိုဘာ 2011
Gaddafi ဓာတ်ပုံ မူပိုင် Reuters
Image caption ကဒါဖီနဲ့ သူသားတို့ရဲ့ ရုပ်အလောင်း

လစ်ဗျား ခေါင်းဆောင် ကဒါဖီရဲ့ အလောင်းကို လစ်ဗျားပိုင် သဲကန္တာရ ထဲ တနေရာမှာ လျှို့ဝှက် မြှုပ်နှံ သင်္ဂြိုဟ် လိုက်ပြီလို့ လစ်ဗျား အာဏာပိုင် NTC အဖွဲ့ က ဘီဘီစီကို ပြောကြား လိုက်ပါတယ်။

သူနဲ့ အတူ သူ့သား မူတားဆင်မ် နဲ့ အရင် ကာကွယ်ရေး ဝန်ကြီး အဘူ ဘာကာ ယူနွတ်စ် ဂျာဘာ ကိုလည်း မြှုပ်နှံလိုက်တယ်လို့ ဆိုပါတယ်။

ဆွေမျိုး နည်းနည်းနဲ့ အရာရှိ နည်းနည်းပဲ အဲဒီ သင်္ဂြိုဟ်ပွဲ အခန်းအနားကို တက်ရောက်ခဲ့ပါတယ်။ အစ္စလာမ်ဘာသာ ထုံးစံ ဆုတောင်း ရွတ်ဆိုမှု တချို့ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

မြေမြုပ် ထားတဲ့ နေရာဟာ ဘယ်နေရာ ဆိုတာကို တော့ ထုတ်မပြောပါဘူး။ သူ့ကို မြုပ်နှံတဲ့ နေရာဟာ မူဆလင် သင်္ချိုင်းလည်း မဟုတ်ပါဘူး။

ဒီလို မွတ်ဆလင် သင်္ချိုင်းမှာ မမြုပ်ရတာဟာ Fatwa ခေါ်တဲ့ ဘာသာရေး စည်းမျဉ်းအရလို့ လစ်ဗျား ပြန်ကြားရေး ဝန်ကြီးက ဆိုပါတယ်။ Fatwa မှာ ဘာတွေ ပါဝင်တယ် ဆိုတာ ကိုတော့ ရှင်းပြမသွားပါဘူး။

ကဒါဖီကို အခုလို သင်္ဂြိုဟ်လိုက်တာကို ကဒါဖီထောက်ခံသူတွေက မကျေနပ် ပေမယ့် ကဒါဖီကို မုန်းကြသူတွေကလည်း ဒီလို မြေမြုပ် သင်္ဂြိုဟ်ဖို့တောင် မကောင်းဘူးလို့ ပြောပါတယ်။

လျှို့ဝှက်သင်္ဂြိုဟ်ရခြင်း အကြောင်းရင်း

အသွင်ကူးအစိုးရရဲ့ ပြောဆိုချက်အရတော့ ကဒါဖီကို အခုလို မွတ်ဆလင် သင်္ချိုင်းမှာ မြုပ်ဘဲ လျှို့ဝှက် မြှုပ်နှံရခြင်းဟာ အကြောင်း နှစ်ချက် ရှိတယ်လို့ ဆိုပါတယ်။

ပထမအချက်က သူ့ကို ထောက်ခံသူတွေရဲ့ စုဝေးရာ အလေးပြုရာ နေရာ ဖြစ်မှာ စိုးလို့ပါတဲ့။ ဒုတိယ အချက်ကတော့ သူ့ကို မုန်းတဲ့သူတွေရဲ့ ပစ်မှတ်ထားရာ နေရာ ဖြစ်မှာ စိုးလို့ပါ လို့ ဆိုပါတယ်။

ကဒါဖီကို အရှင်ဖမ်းမိပြီးမှ သတ်ခဲ့တယ်ဆိုတဲ့ ဗီဒီယို ပုံရိပ်ကို အကြောင်းပြုပြီး အငြင်းပွားမှုတွေ ရှိခဲ့တဲ့ အတွက် သူ့အလောင်းကို မွတ်ဆလင် ထုံးစံနဲ့ အညီ ၂၄ နာရီ အတွင် သင်္ဂြိုဟ်တာ မျိုးလည်း မလုပ်နိုင်ခဲ့ဘဲ အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ထိန်းသိမ်း ထားခဲ့ရ ပါတယ်။

ခွဲစိတ် စစ်ဆေးမှု အရ သူ့ခေါင်းကို သေနတ်ကျည်ဆံ ထိမှန် သေဆုံးခဲ့တယ် လို့လည်း ဆေးဘက်ဆိုင်ရာ သတင်းတွေအရ သိရပါတယ်။